တောင်ကုတ်တွင် အင်အားသုံး ဖြိုဖျက်ခံခဲ့ရသည့် အိမ်ပိုင်ရှင်များအထဲ မြေယာအမှု အနိုင်ရရှိခဲ့သူများ ပါဝင်နေ

တောင်ကုတ်တွင် အင်အားသုံး ဖြိုဖျက်ခံခဲ့ရသည့် အိမ်ပိုင်ရှင်များအထဲ မြေယာအမှု အနိုင်ရရှိခဲ့သူများ ပါဝင်နေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီက အင်အားသုံးဖြိုဖျက်ခဲ့သည့် နေအိမ်ပိုင်ရှင်များထဲတွင် မြေယာအမှုဖြင့် တရားရုံးတွင် အနိုင်ရရှိထားခဲ့ကြသူများ ပါဝင်နေသည်။

အင်အားသုံးဖြိုဖျက်ခဲ့သည့် နေအိမ်များမှာ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်၊ တာဝတိံသာလမ်းမှ နေအိမ် ၇ လုံးဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက စက်ယန္တရားများ အသုံးပြု၍ ဖြိုဖျက်ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ နေအိမ်ပိုင်ရှင်များကို စည်ပင်သာယာမြေတွင် ကျူးကျော်ဆောက်လုပ်ထားသည်ဟု ဆိုကာ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်တွင် စည်ပင်အရာရှိ ဦးမောင်စိန်က စည်ပင်သာယာ ဥပဒေပုဒ်မ ၈၂ ဖြင့် တရားလိုလုပ်တိုင်တန်း၍ တောင်ကုတ်မြို့နယ် တရားရုံးတွင်အမှုရင်ဆိုင်ပြီး အနိုင်ရရှိခဲ့သော်လည်း စစ်ကောင်စီက အင်အားသုံး ဖြိုဖျက် ခဲ့ခြင်း ဖြစ်ကြောင်း နေအိမ်ပိုင်ရှင်များက ပြောသည်။

နိရဉ္စရာ သတင်းဌာနက ရရှိထားသည့် တောင်ကုတ်မြို့နယ် တရားရုံး၏ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် နေ့စွဲပါ အမိန့်စာတစ်စောင်တွင် နေအိမ်ပိုင်ရှင်များထဲမှ ဒေါ်ညိုတင် အပါအဝင် သုံးဦးခန့်ကို စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၈၂ ကို ကျူးလွန်ကြောင်း မတွေ့ရှိရသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၈-၁ အရ အမှုမှ အပြီးအပြတ် လွတ်ကြောင်း အမိန့်ချမှတ်ထားသည်။

နေအိမ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါ်ညိုတင်က “တရားရုံးကလည်း တရားဥပဒေအရ အနိုင်ရထားတာပါ။ ကျွန်မတို့ မှာ တရားရုံးအမိန့်စာတွေ အားလုံး အထောက်အထားရှိပါတယ်။ တရားရုံးက အမှုနိုင်ထားတာကို အခုလို လုပ် တာက မတရားပါဘူး။ ကျွန်မတို့မှာ နေစရာလည်း မရှိတော့ဘူးအခု။ စာရွက်စာတမ်းတွေလည်း သက်သေ ရှိပါ တယ်။ အဲဒီလို နှစ်တိုင်းအခွန်လည်း ဆောင်လာပြီးမှ အခုမှ ကျူး ကျော်လို့ပြောပြီး အိမ်တွေကို ဖြိုပစ်လိုက် တယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ဖြိုဖျက်ခံလိုက်ရသည့် နေအိမ်များမှာ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ခန့်ကပင် စည်ပင်အဖွဲ့က ကောက်ခံသည့် အခွန် ကြေးများကို နှစ်စဉ်နှစ်တိုင်း ပေးဆောင်လာကြောင်း ဒေါ်ညိုတင်က ပြောသည်။



အောက်တိုဘာလ ၂၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါနေအိမ် ၇ လုံးကို တောင်ကုတ်မြို့စည်ပင်သာယာဦးစီး ဦးမောင်စိန်က ဦးဆောင်၍ မီးသတ်၊ စည်ပင်အဖွဲ့ဝင်များ စက်ယန္တရားမောင်းသည့် အလုပ်သမားများက ဘက် ဟိုးဖြင့် ထိုးဖျက်ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

နေအိမ်များကို အင်အားသုံး မဖယ်ရှားခင် အောက်တိုဘာလ ၂၀ ရက်နေ့၊ ညနေ ၃ နာရီအချိန်က စည်ပင်ရုံးသို့ နေအိမ်ပိုင်ရှင်များကို ခေါ်ယူခဲ့ပြီး စာရွက်ဗလာတစ်ခုတွင် အစည်းအဝေးရောက်ရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့ ကြောင်း၊ ယင်းနောက် အဆိုပါစာရွက်တွင် “နေအိမ်များဖြိုဖျက်ပေးရန် နေအိမ်ပိုင်ရှင်များက သဘောတူသည်” ဟု ပြန်လည်ဖြည့်စွက်ကာ ပြည်နယ်စစ်ကောင်စီထံသို့ တင်ခဲ့သည်ဟုလည်း နေအိမ်ပိုင်ရှင်များက ပြောဆို ကြ သည်။

အခြားနေအိမ်ပိုင်ရှင် အမျိုးသမီးတစ်ဦးက “အဲဒီလက်မှတ်ထိုးတဲ့ စာရွက်မှာ ဘာမှမပါပါဘူး။ နောက်မှ အဲဒီစာ ရွက်မှာ သူတို့က စာတွေပြန်ဖြည့်ပြီး ကျွန်မတို့က အိမ်ဖျက်ဖို့ သဘောတူကြောင်း လက်မှတ်ထိုးတယ်ဆိုပြီး လုပ် လိုက်ကြတယ်။ ကျွန်မတို့ကို လက်မှတ်လိမ်လည်ထိုးခိုင်းတာပါ” ဟု ပြောသည်။

အဆိုပါမြေနေရာများကို ပြီးခဲ့သည့်ဆယ်နှစ်ခန့်က မြေပိုင်ရှင်တစ်ဦးက ဘိုးဘွားပိုင်မြေဖြစ်သည့်အတွက် ပြန် လည်ရောင်းချခဲ့ရာမှ ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း နေအိမ်ပိုင်ရှင်များကပြောသည်။

စစ်ကောင်စီက အင်အားသုံးဖြိုဖျက်နေသည့် နေအိမ်နှင့် ခြံမြေများ၏တန်ဖိုးမှာ ခေတ်ကာလပေါက်ဈေးအရ တစ်အိမ်ကိုကျပ်သိန်း ၁၀၀၀ နီးပါးထိရှိကြောင်း နေအိမ်ပိုင်ရှင်များကပြောသည်။ တရားရုံးမှ ဥပဒေအရ အမှု လည်း အနိုင်ရရှိထားခြင်းဖြစ်၍ နေအိမ်များဖြိုဖျက်လျှင် မြေနေရာတစ်ခုအစားထိုး ပေးသင့်ကြောင်း နေအိမ် ပိုင်ရှင်များကပြောသည်။

ယခုကဲ့သို့ တရားရုံးမှအမှုအနိုင်ရရှိပြီးသား ပြည်သူများ၏နေအိမ်များကို ဖြိုဖျက်ခံရမှုနှင့် ပတ်သက်၍ တောင် ကုတ်မြို့ စည်ပင်သာယာ ဦးစီး ဦးမောင်စိန်ကို ဆက်သွယ်မေးမြန်းခဲ့ရာ “မင်းတို့မေးတာမဖြေနိုင်ဘူး။ မေးချင်ရင် ရုံးကိုလာခဲ့” ဟု ပြောဆိုကာ ဖုန်းချသွားခဲ့သည်။

တောင်ကုတ်မြို့၊ ပန်းတောင်း-တောင်ကုတ်လမ်းမကြီးတစ်လျှောက်ရှိ ရာနှင့်ချီသည့် နေအိမ်ဆိုင်ခန်းများကို လည်း စစ်ကောင်စီက လမ်းဧရိယာ ပေ ၁၅၀ မှလွတ်သည်အထိ အမြန်ဆုံးဖယ်ရှားပေးရန် အမိန့်ထုတ်ညွှန် ကြားထားသည်။

Most read this week

October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...