ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ချက် ဌာနာဆိုင်ရာတွေအတွက် ဝင်ငွေရလမ်းဖြစ်နေ

ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ချက် ဌာနာဆိုင်ရာတွေအတွက် ဝင်ငွေရလမ်းဖြစ်နေ
ဓာတ်ပုံ-CJ/TLT
ဓာတ်ပုံ-CJ/TLT

နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အားလုံးကို စစ်ကောင်စီက ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ချက်နဲ့ ခွင့်ပြုပေး လိုက်တာဟာ သက်ဆိုင်ရာအာဏာပိုင်တွေအတွက် ဝင်ငွေရလမ်းဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားချိန်ကစပြီး အကျဉ်းထောင်တွေမှာ ထောင်ဝင်စာတွေ့ခွင့်ကို ဆိုင်းငံ့ပိတ်ပင်ထားခဲ့ပြီး စစ်တပ်အာဏာသိမ်းမှု နှစ်နှစ်ခွဲကျော်ကြာလာတဲ့အခါမှာတော့ စစ်ကောင်စီက ကန့်သတ်ချက်တွေနဲ့ ပြန်လည် ခွင့်ပြုပေးခဲ့တာပါ။

ထောင်ဝင်စာတွေ့ခွင့်ရက်ကို အောက်တိုဘာ ၂၄ ရက်နေ့ကစပြီး တွေ့ခွင့်ပြုမှာဖြစ်ကာ ကနဦးအနေနဲ့ သာယာ ဝတီအကျဉ်းထောင်၊ သရက်အကျဉ်းထောင်၊ မကွေးအကျဉ်းထောင်၊ အိုးဘိုအကျဉ်းထောင်နဲ့ မြင်းခြံအကျဉ်း ထောင်တို့ ပါဝင်ပါတယ်။

အကျဉ်းသားရဲ့ မိသားစုဝင်တစ်ဦးကိုသာ တွေ့ခွင့်ပြုမှာဖြစ်ပြီး ထောင်ဝင်စာတွေ့မယ့် သူတွေဟာ မှတ်ပုံတင် မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်း၊ တစ်ပတ်အတွင်း ပြုလုပ်ထားတဲ့ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးကြောင်း အထောက်အထားတွေ ပြရမှာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက “အဲဒီ ထောက်ခံချက်ယူဖို့ကလည်း အုပ်ချုပ်ရေး မှူးရုံးမှာ ထောက်ခံစာရဖို့အရေး သုံးခါလောက်သွားရတယ်။ ချက်ချင်းမရနိုင်ဘူး။ သူတို့ရုံးမထိုင်တာနဲ့၊ မရှိတာနဲ့ ပြီးလို့ရှိရင် ပိုက်ဆံက ပေးရသေးတယ်။ အနည်းဆုံး တစ်ထောင်ပေးရတယ်။ အုပ်ချုပ်ရေးမှူးရုံးသွားတဲ့အခါ စည်းရိုက်ပြီး လက်မှတ်ထိုးမယ့်သူကို တစ်ထောင်ပေးရတယ်။ ရဲစခန်းသွားရင်လည်း ရဲစခန်းမှာက စာရွက်စာ တမ်းကြေး စေတနာရှိသလောက်ဆိုပြီးတော့ တောင်းတာရှိတယ်” လို့ ပြောပါတယ်။

အကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ ခွင့်ရရေး သက်ဆိုင်ရာအာဏာပိုင်တွေဆီ ထောက်ခံချက်တွေရဖို့ ပိုက်ဆံ ပေးနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေသူများက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုကို ဆန့်ကျင် ခဲ့ကြတဲ့ ပြည်သူတွေကိုဖမ်းဆီးပြီး အကျဉ်းထောင်အတွင်း နှိပ်စက်ညှင်းပန်းမှုတွေ၊ စစ်ကြောမှုတွေနဲ့ အကျဉ်း သား အခွင့်အရေး ချိုးဖောက်မှုတွေဟာ နိုင်ငံတကာကတောင် ပြစ်တင်ရှုတ်ချခဲ့ရတဲ့အထိ ဖြစ်ပေါ်နေတာပါ။

ဒီအခြေအနေမှာ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC)အနေနဲ့ အကျဉ်းထောင်တွင်းနှိပ်စက်မှုတွေကို တားဆီး ကူညီပေးဖို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြတာလည်း ရှိနေပါတယ်။

နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC)အနေနဲ့ အကျဉ်းထောင်ထဲ ဝင်ရောက်ခွင့်ရဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးမှု ရှိခဲ့ပေမယ့် အာဏာသိမ်းစကာလကနေ နှစ်နှစ်ခွဲကျော်လာတဲ့အထိ စစ်ကောင်စီဘက်က ခွင့်မပြုပေးခဲ့ပါဘူး။

ဒါပေမယ့် အကျဉ်းကျနေသူတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရဖို့ ၂၀၂၃ ခုနှစ် မတ်လအတွင်း စစ်ကောင်စီနဲ့ နိုင်ငံ တကာ ကြက်ခြေနီကော်မတီ (ICRC) တို့ နေပြည်တော်မှာ ဆွေးနွေးမှုတွေရှိခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က အခုချိန်ကျမှသာ ခွင့်ပြုပေးလာတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “သူတို့ ကို (အကျဉ်းသား) တွေ့ရဖို့ဆို ရဲစခန်းမှာလူတွေ အဝင်အထွက်ရှိရတော့မယ်။ ရပ်ကွက်ရုံးတွေမှာ အဝင်အထွက် ရှိလာတော့မယ်။ ဆေးရုံတွေမှာ တချို့ကိုဗစ်ဆေးမထိုးကြဘူးဆိုတောင်မှ ထိုးတယ်ဆိုတဲ့ပုံစံရဖို့ ငွေတွေပေးရမှာ ပေါ့။ အိမ်ထောင်စုဇယားပျောက်နေတဲ့သူဆို ရပ်ကွက်ရုံးမှာ ငွေတွေပေးရတော့မယ်။ အဓိက သူတို့ရဲ့ လည်ပတ် နေတဲ့ ယန္တရားမှာ ပြည်သူတွေ ပါဝင်လာတယ်ဆိုတဲ့ဟာ တစ်ခုကို သူတို့အနေနဲ့ ချပြချင်တာပါတယ်” လို့ ပြော ပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ထောင်ဝင်စာတွေ့ခွင့်ကို အဖွင့်လေးပြပြီး သူတို့ကိုယ်တိုင် လုံခြုံရေး ကျိုးပေါက် အောင်လုပ်ကာ လုံခြုံရေးအကြောင်းပြချက်နဲ့ ဥပဒေဘောင်ကနေ အချိန်မရွေး ပြန်ပိတ်သွားနိုင်ခြေရှိတာကို လည်း စောင့်ကြည့်ရလိမ့်ဦးမယ်လို့ မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီကတော့ ထောင်ဝင်စာ လာရောက်တွေ့မယ့်သူတွေဟာ နိုင်ငံအတွင်း ကိုဗစ်တွေ့ရှိမှုနှုန်း ၂ ရာခိုင်နှုန်း အထက် ဖြစ်နေရင် ထောင်ဝင်စာမတွေ့ခင် ၄၈ နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်ကင်းရှင်းကြောင်း အဖြေ ပြသဖို့ကိုလည်း ကန့်သတ်ချက်ထဲမှာ ဖော်ပြထားတာပါ။

လက်ရှိမှာတော့ ကိုဗစ်ရောဂါပိုးတွေ့ရှိနှုန်းဟာ ၁ ရာခိုင်နှုန်းအောက် တွေ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ထောင်ဝင်စာဧည့်တွေ့ခွင့် ပိတ်ထားတဲ့ကာလတွေမှာတော့ အစားအသောက်၊ အဝတ်အစားနဲ့ ဆေးဝါးတို့ကို ၁၅ ရက်တစ်ကြိမ် ထောင်ဝင်စာပါဆယ် ပို့ခွင့်ပြုထားပြီး အဲဒီလိုပို့ရာမှာလည်း အကျဉ်းထောင်ဝန်ထမ်းတွေကို ငွေပေးရတာရှိတယ်လို့ အကျဉ်းသားအရေး အကူအညီပေးနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလ အတွင်း အရပ်သား ၂၅၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၉၀၀၀ ကျော်ဟာ ဆက်လက် ဖမ်းဆီးခံထားရ တယ်လို့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...