လမ်းပိတ်ဆို့ထားသဖြင့် ကျောက်တံခါးစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီရရန် ခက်ခဲ

လမ်းပိတ်ဆို့ထားသဖြင့် ကျောက်တံခါးစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီရရန် ခက်ခဲ

ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ (၃)၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာ အုပ်စုထဲ စစ်ကောင်စီ၏ လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်များ ပိတ်ဆို့ခံထားရသဖြင့် စားနပ်ရိက္ခာ အကူအညီရရှိရေး အခက်အခဲဖြစ်နေကြသည်။

အောက်တိုဘာလ ၂၂ ရက်နေ့က လေကြောင်းသုံး တိုက်ခိုက်ခံရမှုကြောင့် စစ်တောင်းမြစ်တဖက်ကမ်းသို့ တိမ်း ရှောင်ထွက်ပြေးခဲ့ရသော စစ်ဘေးရှောင်များမှာ လက်ရှိ လမ်းပိတ်ဆို့ခံထားသဖြင့် အခက်အခဲဖြစ်နေကြခြင်း ဖြစ်သည်။

ကျောက်ကြီးမြို့ခံအမျိုးသားတစ်ဦးက “ကျနော်တို့ဘက်မှာလည်း အရင်တိုက်ပွဲတွေဖြစ်ကတည်းက လမ်းတွေ ပိတ်ထားတာ သွားချင်ရင် တောလမ်းကသွားရတယ်။ လူငှားပြီး ပစ္စည်းသယ်ရတယ်။ ဒီဘက်ကူး လာတဲ့ စစ် ရှောင်အတွက် အများကြီးကူလို့ မရဘူးဆိုပေမယ့် တတ်နိုင်သလောက်တော့ ခက်ခဲတဲ့ကြားက မရ ရအောင် ကူ လိုက်တယ်။ အရေးပေါ်အဖွဲ့ဆိုတာလည်း နေရာတိုင်းကို ချက်ချင်းမရောက်နိုင်ဘူးလေ” ဟု ကေအိုင်စီသို့ ပြော သည်။

လေကြောင်းမှ တိုက်ခိုက်ခံရသည့် အောက်တိုဘာ ၂၂ ရက်နေ့၊ နေ့လည်ပိုင်းက နံဇကျေးရွာအုပ်စု ဖိုးတရွာအနီးရှိ စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - KNLA ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲခြင်းနှင့် ဒရုန်းဗုံးကြဲ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းသုံးပစ်ခတ်ခြင်း၊ ပိန်းဇလုပ်နှင့် နတ်သံကွင်းအခြေစိုက် တပ်စခန်းများမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဖိုးတကျေးရွာအပါအဝင် ရွာပေါင်း (၆) ရွာထက် မနည်းက ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်။

ဒေသခံစစ်ရှောင်များအား ပူးပေါင်းတပ်ဖွဲ့က စစ်တောင်းမြစ်တစ်ဖက်ကမ်းသို့ ကူးနိုင်ရန် အကူအညီ ပေးခဲ့သော် လည်း လမ်းပိတ်ဆို့မှုများကြောင့် ရေလမ်းနှင့် တောလမ်းအသုံးပြု သွားလာရသော ကမ်းတဖက်မှ အခြားရွာခံ များ အနေဖြင့် စားနပ်ရိက္ခာအတွက် သွားရောက် အကူအညီပေးနိုင်ရန် အကန့်အသတ်ရှိနေကြောင်း ကျောက်ကြီးမြို့ခံများက ပြောသည်။

လက်ရှိတွင်လည်း ဖိုးတကျေးရွာအနီးရှိ အနန်းဘော်ကျေးရွာတွင် စစ်ကောင်စီတပ်များ အင်အား ထပ်မံဖြည့် တင်းထားသလို KNLA ပူးပေါင်းတပ်ဘက်မှလည်း အင်အားဖြည့်တင်းခြင်းရှိနေ၍ စစ်ရေးပဋိပက္ခ တင်းမာနေ သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ဆိုသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေက အဲဒီမှာတပ်ထိုင်နေတော့ စစ်တပ်က စစ်ကြောင်း ထိုးဖို့လုပ်နေတာ ထိုးမရဘူး ဖြစ် နေတယ်။ အခုလည်း နှစ်ဖက်လုံးက အင်အားဖြည့် ထားတယ်။ လောလောဆယ်တော့ ထိတွေ့တိုက်ပွဲက မဖြစ် သေးဘူး။ စစ်တပ်က ရှေ့မတိုးရဲတဲ့သဘောပေါ့။ တိုးလာတာနဲ့တော့ ဖြစ်မှာပဲ” ဟု အခြားဒေသခံတစ်ဦးက ပြော သည်။

အောက်တိုဘာလ ၂၂ ရက်နေ့က ပစ်ခတ်မှုထဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်ကြောင်း ကေအဲန်ယူ နှင့် နီးစပ်သူများက ပြောဆိုကြပြီး လေကြောင်းနှင့် လက်နက်ကြီးသုံး ပစ်ခတ်ခံရမှုများကြောင့် ဒေသခံများ၏ နေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိသော်လည်း ဒေသခံထိခိုက်မှုရှိမရှိနှင့် ဖြစ်စဥ်အသေးစိတ်ကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက် အတည်ပြုနေဆဲဖြစ်သည်။

ထို့အတူ စစ်ကောင်စီဘက်မှလည်း အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုခြင်း မတွေ့ရှိရသေးပါ။

ပြီးခဲ့သည့် ဇူလိုင်လက ပဲခူးတိုင်းဒေသကြီးအတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်အဟုန်မြင့်တင်မည်ဟု ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပဲခူးတိုင်းအရှေ့ခြမ်းတွင် နှစ်ဖက် တိုက်ပွဲများ ပိုမို ပြင်းထန်လာသလို တိုက်ပွဲကြောင့် KNU ၏ ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေး တိမ်းရှောင်နေရသူ နှစ်သိန်း ကျော် ရှိလာကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် - KPSN ၏  စာရင်းပြုစုဖော်ပြချက်အရ သိရသည်။

October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...