ဂျိုင်း ကော့ကရိတ် တံတားသစ် ဖွင့်ပွဲလုပ်ရန် ကျုံဒိုးဒေသအတွင်း စစ်တပ်အင်အားတိုးချဲ့လှုပ်ရှားနေ

ဂျိုင်း ကော့ကရိတ် တံတားသစ် ဖွင့်ပွဲလုပ်ရန် ကျုံဒိုးဒေသအတွင်း စစ်တပ်အင်အားတိုးချဲ့လှုပ်ရှားနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးကျေးနယ်အပိုင် ဂျိုင်းမြစ်ကူးတံတားသစ် (ဂျိုင်းကော့ကရိတ်) တံတား ဖွင့်ပွဲအတွက် စစ်ကောင်စီတပ်က အနီးဝန်းကျင် ကျေးရွာများဘက်နှင့် စစ်တပ်ရင်းနှစ်ခုတွင် စစ်အင်အား ဖြည့် တင်းပြင်ဆင်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ပြောသည်။

JICA ဂျပန်ဖောင်ဒေးရှင်း၏ ကျပ်ငွေ ၆ ဒဿမ ၈( ၆.‌၈) ဘီလီယံ အကုန်အကျခံ ဆောက်လုပ် ပေးထား သည့် ဂျိုင်း (ကော့ကရိတ်) တံတားသစ်ကို ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်က စတင် တည်ဆောက်နေခြင်းဖြစ်သည်။

ယခု စစ်ကောင်စီ လက်ထက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၈/၂၉ ရက်နေ့တို့တွင် ဖွင့်ပွဲပြုလုပ်မည်ဟု သတင်း များ  ထွက်ပေါ်လာပြီးနောက်ပိုင်း စစ်တပ်က စစ်အင်အားတိုးချဲ့ကာ လုံခြုံရေး ပြင်ဆင်နေကြောင်း ကျုံဒိုးဒေသခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“အခုရက်ပိုင်းမှာ ကျုံဒိုး ၅၄၅/၅၄၆ တပ် ၂ ခုမှာ စစ်အင်အားတိုးနေတယ်။ ဘေးရွာတွေဘက်လည်း ကင်းပုန်း စစ် ကြောင်းတွေ ပတ်နေတယ်။ ကျုံဒိုးတစ်ဘက်ကမ်းက ကော့လျှမ်းတို့၊ ကော့ကျိုက်တို့ ဘက်တွေမှာ ကင်းပတ်တဲ့ ပုံစံမျိုးနဲ့ ရောက်နေတယ်။ တံတားဖွင့်ပွဲက အခု ၂၈/၂၉ ရက် သီတင်း ကျွတ်အဖိတ်နေ့နဲ့ လပြည့်လို့ ပြောသံ ကြား နေတော့ PDF တွေ လာမတိုက်အောင် စစ်တပ်က လုပ်နေတာမျိုးရှိတယ်။ တံတားမှာတော့ ဖွင့်ပွဲပြင်ဆင်တာမျိုး ရှိနေတယ်။ စစ်တပ်ကလည်း တံတားနှစ် ဖက်စလုံးမှာ ‌အပေါ်ဘက် အောက်ဘက်ရှိနေတယ်” ဟု ကျုံဒိုးဒေသခံ က ပြောသည်။

အရှည် ၁၉၀၃ ပေ၊ လမ်းအကျယ် ၇၄ ပေရှိပြီး ကားနှင့်ကုန်ချိန်တန် ၆၀ ခံနိုင်ဝန်အားရှိသည့် ကျုံဒိုးကျေးနယ် ဂျိုင်းမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော သံကူကွန်ကရစ် ကြိုဆိုင်းတံတားသစ်သည် ထိုင်း၊ မြန်မာ၊ တရုတ်နှင့် ဗီယက်နမ်သို့ ကုန်စည်စီးဆင်းမည့် အာရှကုန်းတွင်းပတ်လမ်း စီမံကိန်း၏ အစိတ်အပိုင်းတံတား တစ်စင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဌာန၏ သတင်းအချက်အလက်များ အရ သိရသည်။

အဆိုပါ ဂျိုင်း (ကော့ကရိတ်) ဂျပန်တံတားသစ် ဖွင့်မည့် အစီအစဉ်တွင် KNU - ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ KNU တပ်မဟာ ၆၊ တပ်မဟာ ၇ မှ တာဝန်ရှိသူများ၊ ဂျပန် နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ (ငြိမ်းချမ်းရေး အကျိုးဆောင်) မစ္စတာဆာဆာကာဝါ နှင့် ဂျပန်သံရုံးတာဝန်ရှိသူများ၊ JICA ဂျိုက်ကာ ဖောင်းဒေးရှင်း တာဝန်ရှိသူများ၊ ဒေသတွင်း ကရင်အပစ်ရပ်ငြိမ်းချမ်းရေး လက်မှတ်ထိုးထားသည့် လက်နက်ကိုင် အဖွဲ့များ၊ စစ်ကာင်စီအကြီးတန်းအရာရှိများ တက်ရောက်မည်ဟု ပြည်နယ် စစ်ကောင်စီ သတင်းအရင်းအမြစ်၏ ပြောပြချက်အရ သိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ KNLA ပူးပေါင်းတပ်များ ဒရုန်းဖြင့် လာရောက် အတိုက်ခိုက် မခံရရေး အတွက် စစ်ကောင်စီ ကျုံဒိုးအခြေစိုက် ခြေလျင်တပ်ရင်း - ခလရ ၅၄၅၊ ၅၄၆ စစ်တပ်များအတွင်း နှင့် ဂျိုင်း တံတား လုံခြုံ ရေး စစ်ကြောင်းများတွင် ဒရုန်းသေနတ်များ၊ Jammer ရေဒီယိုလှိုင်းဖြတ် စက်များ၊ ပွိုင့် ၅ စက်သေနတ်များ၊ ငါးကြင်းမြှီး စက်သေနတ်များအား အတွဲလိုက် ပစ်ခတ်နိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း ကျုံဒိုးစစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

စစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က “တံတားက စစ်တပ်ရော ၅၄၅ /၅၄၆ ရော Jammer တွေ၊ စက် သေနတ်တွေ ပြင်ထားတယ်။ စစ်တပ်ထဲမှာ မိုးပေါ်က လာချမယ့်ဒရုန်းကို ပစ်ချနိုင်အောင် ဒရုန်းသေနတ်၊ စက် သေနတ်တွေ ဆင်ထားတယ်။ တံတားကင်း ကတုတ်မှာလည်း လက်နက်ကြီးတွေ ဆင်ထားတယ်။ မြစ်ထဲမှာ စစ်‌ သင်္ဘောရှိနေတယ်။ စစ်တပ်က လူကြီးတွေ၊ KNU လူကြီးတွေ လာမယ်ဖွင့်မယ် သတင်းက ပျံ့နေတယ်” ဟု ပြော သည်။

လတ်တလော ကရင်ပြည်နယ်အတွင်း ဖားအံ၊ လှိုင်းဘွဲ မြို့နယ်နှစ်ခုမှအပ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး၊ သံ တောင်၊ ဖာပွန်၊ မြဝတီ မြို့နယ် ၅ခုတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းသည့် တော်လှန်ရေးတပ်ဖွဲ့များ နှစ် ဖက် စစ်ရေးတင်းမာမှုနှင့် ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားမှု နေ့စဉ် ဆက်ရှိနေသည်။

ယခု ဖွင့်လှစ်မည့် ကော့ကရိတ် ဂျိုင်းမြစ်ကူးတံတား ကျုံဒိုးကျေးနယ်ဧရိယာမှာ နှစ်ဖက် စစ်ရေးတင်းမာနေသည့် ဒေသအတွင်းရှိနေသည့်အတွက် ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ ‌မြေပြင် နှစ်ဖက်တိုက်ခိုက်ခြင်းများ ရှိလာပါက ဒေသခံ ပြည်သူများ ထိခိုက်နိုင်သည့်အတွက် စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ က ဆိုသည်။

အဆိုပါ တံတားဖွင့်ပွဲကို စစ်ကောင်စီက ပြုလုပ်မည့် သတင်းနှင့်ပတ်သက်၍ စစ်ကောင်စီ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော် ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေဆိုခြင်း မရှိသလို ကေအိုင်စီ - ကရင်သတင်းဌာနအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

photo -cj

Most read this week

October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...