ကျိုက်ထီးရိုးဘုရားပွဲတော် ပြန်လည်စည်ကားဖို့ စစ်ကောင်စီကြိုးပမ်း

ကျိုက်ထီးရိုးဘုရားပွဲတော် ပြန်လည်စည်ကားဖို့ စစ်ကောင်စီကြိုးပမ်း

ပြည်တွင်း၊ ပြည်ပဘုရားဖူးဧည့်သည် သိန်းနဲ့ချီလာရောက်လေ့ရှိတဲ့ မွန်ပြည်နယ်ရဲ့ အထင်ကရ ကျိုက်ထီးရိုး ဘုရားပွဲတော်ကို ပြန်လည်စည်ကားအောင် စစ်ကောင်စီဘက်က နည်းလမ်းမျိုးစုံသုံးပြီး ကြိုးပမ်းပြင်ဆင်တာ တွေ လုပ်ဆောင်နေပါတယ်။

ကျိုက်ထီးရိုးစေတီ ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကနေ ကဆုန်လပြည့်အထိ ၇ လကြာ ကျင်းပ ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ကိုဗစ်ကပ်ရောဂါနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အကျဉ်းရုံးသာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက ဒီနှစ်မှာကျင်းပမယ့် ကျိုက်ထီးရိုးဘုရားပွဲတော် စည်ကားရေးအတွက် ဂေါပကအဖွဲ့ကို ပြန်လည်ဖွဲ့စည်းတာ၊ တောင်တက်ကားတွေ ကြံ့ခိုင်ရေးနဲ့ လမ်းပိုင်းတွေ ပြင်ဆင်ခိုင်းတာတွေ လုပ်ဆောင်နေ သလို ပွဲတော်ကာလအတွင်း စတုဒိသာကျွေးမွေးကြဖို့ ညွှန်ကြားထားတာပါ။

ကျိုက်ထီးရိုးဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ “ကျွန်တော်တို့က ထုံးတမ်းအစဉ်အလာအရ သီတင်းကျွတ် လပြည့်နေ့ အင်္ဂလိပ်လို (၂၉) ရက်နေ့ (၁၀) လပိုင်း တနင်္ဂနွေနေ့မှာ ပွင့်လင်းရာသီ (၇) လ ပွဲတော်ရာသီရဲ့ ပထမ အစပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဘုရားဖူး အများပြည်သူအတွက်ကိုက ကျွန်တော်တို့ စားသောက်ဆိုင်များ၊ တည်းခိုခန်းများ၊ ဟိုတယ်များတွေလည်း အကုန်လုံး ဖွင့်လှစ်ထားပါပြီ” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘုရားပွဲတော် ပြန်လည်စည်ကားဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး ဖြစ်သလို လုံခြုံရေးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

“လုံခြုံရေးကိစ္စတော့ လုံခြုံရေးတပ်ဖွဲ့တွေကနေပြီးတော့ တာဝန်ယူဆောင်ရွက် သွားပါမယ်။ ဘုရားပွဲတော်ကြီး ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရေးအတွက်ကတော့ ကျွန်တော်တို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းနဲ့ ဂေါ ပကအဖွဲ့နဲ့ ပေါင်း စပ်ပြီးတော့ ဆောင်ရွက်ထားလျှက် ရှိပါတယ်။ ဘုရားဖူးအများပြည်သူရဲ့ စိတ်ချမ်းမြေ့ လုံခြုံ စွာဖြင့် သွားလာနိုင်ရေးအတွက်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကနေ အားလုံးဆောင်ရွက် ထားလျှက် ရှိပါတယ်။”

စစ်ကောင်စီခန့် မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ကျိုက်ထီးရိုးဘုရားပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့ အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာ အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့သလို ကော်မတီ အသီးသီးကို လည်း ဖွဲ့စည်းထားပါတယ်။

ကျိုက်ထီးရိုးဘုရားပွဲတော် စည်ကားဖို့ ကြိုးပမ်းမှုဟာ စစ်ကောင်စီက နယ်မြေတည်ငြိမ်ကြောင်း ဝါဒဖြန့်ချင်တာ ဖြစ်ပြီး အခုလို အခြေအနေမှာ ပြည်သူတွေအနေနဲ့ အထူးသတိရှိကြဖို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF တာဝန်ရှိသူက တိုက်တွန်း ထားပါတယ်။

“စကစဘက်ကတော့ ဒီမြို့ရွာတွေ သူတို့ အပြည့်အဝ ထိန်းချုပ်လို့ရနေပြီ။ နယ်မြေတွေ အေးချမ်းနေပါပြီ ဆိုပြီး တော့ ဝါဒဖြန့်ချင်လို့ ဆွယ်တရားဟောပြီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စည်ကားအောင် လုပ်မှာပဲလေ။ အဲဒီလိုလုပ်တဲ့ အခါမှာ ကျွန်တော်တို့ ပြည်သူတွေက နည်းနည်းလေး တော်လှန်သတိ၊ တော်လှန်အသိရှိပြီးတော့ နည်းနည်း အသွားအလာ ဆင်ခြင်ဖို့တော့ ကျွန်တော် သတိပေးချင်တာပေါ့နော်။”

ဒါ့အပြင် စစ်ကောင်စီဟာ တော်လှန်ရေး အင်အားစုတွေကို ပုံဖျက်ချင်တာကြောင့် ဘုရားဖူးပြည်သူတွေကို ဘာ သာရေးနဲ့ အသုံးချကာ သွေးခွဲတာတွေ လုပ်ဆောင်နိုင်သလို ဘုရားဖူးပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့ မေတ္တာရပ်ခံတာပါ။

“သူတို့ရဲ့ယုတ်မာရိုင်းစိုင်းမှုတွေ တစ်ခုခုပေါ့၊ ပြည်သူတွေကြားထဲမှာ ဗုံးခွဲမယ်ဗျာ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သွားလို့ရှိရင် တော်လှန်ရေးအင်အားစုတွေဘက်က လုပ်ပါတယ်ဆိုပြီးတော့ တော် လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေကြားမှာ သပ်လျှိုသွေးခွဲတဲ့ပုံစံမျိုး သူတို့ဒီအကွက်တွေ သုံးလာနိုင်တယ်လေ။ ဘယ်လိုပဲ သွေးခွဲရ သွေးခွဲရ သွေးခွဲဖို့အတွက် တော်လှန်ရေးအင်အားစုတွေ အင်အားနည်းသွားအောင် သူတို့လုပ်မှာပဲဆိုတော့ ဒီကြားထဲမှာ ပြည်သူတွေအနေနဲ့ ကြားညှပ်မှာ ကျွန်တော်စိုးရိမ်တယ်” လို့ KRF တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုကြောင့် ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက လုံခြုံရေးအထူးတင်းကျပ်တာတွေ လုပ်ဆောင် ခဲ့သလို ကျိုက်ထီးရိုးစေတီတော်ကို လာရောက်တဲ့ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးပြည်သူတွေ သိသိသာသာ လျော့ကျခဲ့တာပါ။

ကျိုက်ထီးရိုးစေတီဟာ အာဏာမသိမ်းခင်က နှစ်စဉ် ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည် ၂ သန်းကျော်လာ ရောက်တာဖြစ်ပြီး စစ်ကောင်စီ လက်ထက်မှာတော့ နယ်မြေမတည်ငြိမ်မှုကြောင့် ဘုရားဖူး ဝင်ရောက်မှု သိသိ သာသာကျဆင်းနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...