မူဆယ်မြို့အတွင်း ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) နာမည်သုံးပြီး ငွေလိမ်လည်မှု ရှိနေ

မူဆယ်မြို့အတွင်း ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) နာမည်သုံးပြီး ငွေလိမ်လည်မှု ရှိနေ

မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နာမည် အသုံး ပြုပြီး ဒေသအတွင်း ငွေလိမ်လည်မှုများ လုပ်နေကြသည်ဟု BPLA တာဝန်ရှိသူများက ပြောသည်။

ယခုရက်ပိုင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှ ပြန့်နှံ့လာနေသည့် BPLA အဖွဲ့အစည်း နာမည်နှင့်အတူ မူဆယ်မြို့ရှိ စီးပွားလုပ်ငန်းလုပ်ရှင်များအနေထံ  BPLA တပ်မဟာ (၂) အား အခွန်ငွေပေးဆောင်ခြင်းမရှိဘဲ လုပ်ငန်း ဆက် လက် လုပ်ကိုင်မည်ဆိုပါက အရေးယူမည်ဟု ရေးသားဖြန့်ချိနေသည်။

အဆိုပါ အခွန်ဆောင်ခိုင်းခြင်း စာစောင်နှင့်ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေး တပ် တော် (BPLA) မှ တာဝန်ခံ လင်းလင်းက သျှမ်းသံတော်ဆင့်ကို ယခုကဲ့သို့ ပြောဆိုထားသည်။

“လက်ရှိ အခွန်ကောက်ခံနေတဲ့စာဆိုပြီးပျံ့နှံ့နေတဲ့ လူမှုကွန်ရက်ပေါ်ကပုံမှာဆိုတပ်မတော်လို့သုံးထားပါတယ်။ ကျနော်တို့ BPLA ရဲ့ ထုတ်ပြန်ကြေညာချက်တွေကို ပြန်လေ့လာကြည့်ပါ။ ကျနော်တို့က တပ်ရဲ့နာမည်ကို သုံးတဲ့ အခါ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) လို့ပဲ သုံးပါတယ်။ ဒါတွေ ကြည့်ခြင်းအားဖြင့်လည်း တပ်ကို နာမည်ဖျက်ဖို့ အလွဲသုံးစားလုပ်နေတယ်လို့ပဲ ပြောချင်ပါတယ်“ ဟု တာဝန်ခံ လင်းလင်းက ပြောသည်။

BPLA အနေဖြင့် မူဆယ်မြို့တွင် အခြေချထားခြင်း မရှိသလို လှုပ်ရှားမှု ဝာာဝန်လည်း မပေးထားကြောင်း၊ MNDAA (၆၁၁) တပ်မဟာ၏ အမိန့်ပေးကွပ်ကဲမှု အောက်မှတဆင့် စစ်ရေးလှုပ်ရှားနေသဖြင့် ပြည်သူလူထုထံ အခွန်ကောက်ခံနေခြင်း မရှိကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် ပြည်သူများအနေဖြင့် BPLA နာမည်နှင့်တကွ အခွန်ဆောင်ခိုင်းခြင်း ငွေလိမ်လည်မှုကြုံတွေ့လာပါက BPLA  အခွန်ကောက်မှု မရှိခြင်း ပြောဆိုဖို့လိုအပ်သလို၊ ငွေကြေးတောင်းခံလာပါက ပေးဆောင်ဖို့ မလိုအပ် ကြောင်း ထပ်လောင်းပြောသည်။

သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည့် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ နှစ်စဥ်နှစ်တိုင်း ဆက်ကြေး ကောက်ယူမှုများ ရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ အမည်များကို အသုံးပြုကာ ဆက်ကြေး လိမ်ညာ ကောက်ယူမှုများလည်း တွေ့နေရသဖြင့် ပြည်သူများက စိုးရိမ်ပူပန်မှု ဖြစ်ရကြောင်း မူဆယ်မြို့ ဒေသခံ များက ပြောသည်။

မူဆယ်မြို့ဒေသခံ အသက် ၃၀ ကျော် အရွယ် အမျိုးသားတစ်ဦးက “အခုနောက်ပိုင်း ကားလမ်းမဘေးမှာ ဖွင့် ထားတဲ့ ဆိုင်တွေ တော်တော်ခံရတယ်။ ဒီလိုလူကိုယ်တိုင်ရေးတဲ့ လက် ရေးတွေနဲ့ Viber တွေမှာ လိုက် လိုက် ပို့ တာ ခံရတယ်။ ခေတ်အခြေအနေကလည်း မကောင်းဘူး။ ဝင်ငွေလည်း မရှိဘူး။ မပေးရင်လည်း ကြောက်ရ၊ ပေး ရင်လည်း ကြောက်ရနဲ့ ဘယ်တပ်ဖွဲ့ဖြစ်မှန်းတောင် မသိတော့ဘူး“ ဟု ပြောသည်။

ထို့ကြောင့် အဖွဲ့အစည်းနာမည် အသုံးပြုကာ ငွေလိမ်လည်မှု ပြုလုပ်ပါက BPLA ၏ တရားဝင်လူမှုကွန်ယက်  စာမျက်နှာ (Facebook Page) ထံ စုံစမ်းဆက်သွယ် မေးမြန်းနိုင်ကြောင်း အဖွဲ့တာဝန်ရှိသူက ပြောသည်။

Most read this week

October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...