(၈) နှစ် ကြာမြင့်သည့်တိုင် NCA လုပ်ငန်းစဉ်များကို အကောင်အထည်မဖော်နိုင်ခဲ့ဟု RCSS ခေါင်းဆောင်ပြော

(၈) နှစ် ကြာမြင့်သည့်တိုင် NCA လုပ်ငန်းစဉ်များကို အကောင်အထည်မဖော်နိုင်ခဲ့ဟု RCSS ခေါင်းဆောင်ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈) နှစ်တိုင် ကြာ မြင့်ခဲ့ပြီ ဖြစ်သော်လည်း စာချုပ်ပါ အချက်အလက်များ၊ လုပ်ငန်းစဉ်များကို ရှေ့တိုး အကောင်အထည် မဖော်နိုင်ခဲ့ဘူးဟု သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။

အောက်တိုဘာလ (၁၅) ရက်နေ့၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC II) ခန်းမ၌  ကျင်းပခဲ့သည့် NCA (၈) နှစ်ပြည့် အခမ်းအနားတွင် ပြောကြာခဲ့ပြီး ယင်းကဲ့သို့ မလုပ်ဆောင်နိုင်မှု ကြောင့် ပြည်ထောင်စုကြီးအတွက် များစွာနှမျောမိကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆက်ပြောသည်။

“တွေ့ဆုံဆွေးနွေးလမ်းကြောင်းမှ တစ်ဆင့် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သော် လည်း အလျှော့အတင်း မလုပ်နိုင်ခဲ့သဖြင့် NCA အကောင်အထည် ဖော်ဆောင်ခြင်း လုပ်ငန်း ရှေ့မတိုးနိုင်ဖြစ်ခဲ့ ရပါတယ်။ (၈) နှစ် တာကာလကြာမြင့်သည့်တိုင် NCA ကို အကောင်အထည် မဖော်နိုင်ခဲ့လို့ ပြည်ထောင်စုကြီး အတွက် များစွာနှမျောမိပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောခဲ့သည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ် လာခဲ့ရာ ငြိမ်းချမ်းရေး အတွက် အချိန်များ အလဟဿ ဖြစ်ခဲ့ရကြောင်းလည်း ယခုကဲ့သို့ ဆက်လက် ပြောဆိုထားသည်။

“၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာခဲ့ရာ နိုင်ငံရေး ပြဿနာကို နိုင်ငံ ရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့ကြတဲ့အတွက် NCA အကောင်အထည် ဖော်မှုသည်လည်း ရပ်တန့်သွားခဲ့ ရပါ တယ်။ နိုင်ငံ့အရေး၊ ငြိမ်းချမ်းရေးအတွက် အချိန်တွေ အလဟဿ ဖြစ်ခဲ့ရပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က ဆက်လက် ပြောဆိုသည်။

လက်ရှိကာလသည် နိုင်ငံရေးအကျပ်အတည်း ရင်ဆိုင်နေရသည့်အပြင် စီးပွားရေးနှင့် လူမှုရေး ကဏ္ဍများမှာ လည်း ဘက်ပေါင်းစုံအခက်အခဲများကို ပြည်သူလူထုတစ်ရပ်လုံး ဒုက္ခများစွာ ရင်ဆိုင်နေရသည့် အတွက် ဝိုင်းဝန်း ပြီး အဖြေရှာရမည့်အချိန်ရောက်ပြီလို့ တိုက်တွန်းနှိုးဆော်လိုသည့် အကြောင်းလည်း ပြောဆိုထားသည်။

NCA (၈) နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားသည့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တက်ရောက်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က တက်ရောက်မည် မဟုတ် ကြောင်း ထုတ်ပြန်ခဲ့သော်လည်း KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းတို့ သည် အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

လက်ရှိအချိန်ထိ NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့ ရှိနေပြီး၊ လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများ NCA တွင် ပါဝင်လက်မှတ် ရေးထိုးရန် ဖိတ်ခေါ် ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA (၈) နှစ်ပြည့် အခမ်းအနား၌ ပြောကြားခဲ့ သည်။

(၈) နှစ်မြောက် NCA အခမ်းအနားကို ကျင်းပပြုလုပ်နေသည့် ကာလအတွင်း  စစ်ကောင်စီတပ်ဖွဲ့သည် သျှမ်း ပြည် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ နှင့်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း မြေပြင် သတင်းပေးပို့ချက်အရ သိရသည်။

Most read this week

October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...