ULA/AA က တရားစီရင်ရေးကဏ္ဍကို လူငယ်များနှင့် အင်အားဖြည့်ရန် ပြင်ဆင်နေ

ULA/AA က တရားစီရင်ရေးကဏ္ဍကို လူငယ်များနှင့် အင်အားဖြည့်ရန် ပြင်ဆင်နေ
လုံခြုံရေးယူထားသည့် ရက္ခိုင့်တပ်တော် (AA) ၏ တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
လုံခြုံရေးယူထားသည့် ရက္ခိုင့်တပ်တော် (AA) ၏ တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။

ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို စစ်ကောင်စီနှင့်အပြိုင် လုပ်ဆောင်လျက်ရှိသော ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က တရားစီရင်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်ရန် ဒေသနေ လူငယ်များကို လျှောက်လွှာခေါ်ယူလျက်ရှိနေသည်။

အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေရေးရာဌာနလက်အောက်ရှိ တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အတွက် အောက်တိုဘာလ ၁ ရက်နေ့တွင် လူငယ်များကို လျှောက်လွှာခေါ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စမှာ တရားစီရင်ရေးလုပ်ငန်းများကို အင်အားဖြည့်ရန် ခေါ်ယူခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (ULA/AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG ကို ပြောသည်။

“ကျနော်တို့ အာရက္ခပြည်သူ့အစိုးရရဲ့ ဥပဒေရေးရာ လေ့ကျင့်ရေးကျောင်းကနေပြီးတော့ သင်တန်းသား အသစ် တွေ ခေါ်ယူနေတာရှိပါတယ်။ အဓိကတော့ အာရက္ခပြည်သူ့အစိုးရရဲ့ တရားဥပဒေရေးရာဌာန လက်အောက်မှာ ရှိတဲ့ တရားရုံးနဲ့ ဥပဒေရုံးတွေမှာ အင်အားဖြည့် တာဝန်ထမ်းဆောင်ဖို့အတွက် ဖြစ်ပါတယ်” ဟု ၎င်းက ပြော သည်။

လျှောက်ထားသူများသည် အာရက္ခနိုင်ငံတော်နှင့် အာရက္ခပြည်သူ့အစိုးရအား သစ္စာခံသူ၊ အနိမ့်ဆုံး ပညာအရည် အချင်း တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူနှင့် တက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိပြီးသူ ဖြစ်ရမည်ဟုဆိုသည်။

သင်တန်းပြီးမြောက်သည့်အခါ အာရက္ခပြည်သူ့အစိုးရ၊ တရားဥပဒေရေးရာရာဌာနတွင် အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဟုလည်း လျှောက်လွှာတွင်ပါရှိသည်။

AA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) သည် ၂၀၂၁ ခုနှစ် ဩဂုတ်လက ရခိုင် ပြည်အတွင်း တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၂ နှစ်ကျော် ကြာချိန် တွင် ထပ်မံအင်အားဖြည့်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

လက်ရှိ ULA/AA က ရခိုင်ပြည်အတွင်း ကျေးလက်နှင့် မြို့ပြအထိပါ တရားရေးကိစ္စများကို စစ်ကောင်စီနှင့် အပြိုင် လုပ်ဆောင်နေသည်။

ထိုသို့ အမှုများကိုကိုယ်တွယ်ဖြေရှင်းရာတွင် အချိန်ကြန့်ကြာမှုများ ရှိသည့်အပြင် အောက်ခြေဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုများရှိသည့် သတင်းများ ထွက်ပေါ်နေသည့်အပေါ် ULA/AA အကြီးအကဲများအနေဖြင့် သုံးသပ်ရန်လိုကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

“ပထမတချက်က စီရင်ချက်ချတာတွေက တရားမျှတမှု မရှိဘူး။ နောက်ပြီးတော့ တစ်ချို့စီရင်ချက်တွေက အချိန် ကြန့်ကြာမှုတွေရှိတယ်။ ပြည်သူတွေက စစ်ကောင်စီဖက်က တရားစီရင်ရေးကိစ္စတွေကို အားမရလို့ အမျိုးသား ရေးအရ ULA/AA အားကိုးချင်စိတ်တွေ ရှိကြတယ်။ နောက်ပြီးတော့ လာဘ်ပေး၊ လာဘ်ယူမှုတွေ ရှိတဲ့အတွက် တရားစီရင်ရေးအပိုင်းတွေမှာ ယိမ်းယိုင်သွားတာတွေရှိတယ်” ဟု အမည်မဖော်လိုသည့် ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ဝေဖန်မှုမြင့်တက်ခဲ့သော အမှုတစ်ခုမှာ ၂၀၂၂ ခုနှစ် မတ်လအတွင်းက မြောက်ဦးမြို့မှ ဦးမောင်ကြီးကို AA က ခေါ်ယူစစ်ဆေးစဉ်အတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ဦးမောင်ကြီးကို လူသတ်အလောင်းဖျောက်သည့် ပြစ်မှု တစ်ခုနှင့် စစ်ဆေးနေစဉ် ရောဂါအခံကြောင့် မတော်တဆသေဆုံးသွားရခြင်းဟာ AA က ဖြေရှင်းချက်ပေးသည်။

အလားတူ ကျောက်ဖြူမြို့နယ်တွင်လည်း ULA ၏ တရားစီရင်ရေးပိုင်းမှ အောက်ခြေဝန်ထမ်းများမှာ လာဘ် ပေးလာဘ်ယူ သတင်းများ ထွက်ပေါ်နေသည်ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ကျောက်ဖြူ ဒေသခံတစ်ဦးက “ကျနော်တို့ ကျောက်ဖြူမြို့နယ်မှာ အရင်တုန်းကလည်း တရားစီရင်ရေးမှာ မှန်ကန်မှု မရှိဆိုပြီးတော့ ရှေ့နေ တစ်ယောက် နာမည်ထွက်ခဲ့တာရှိတယ်။ ကျနော်တို့လည်း အံဩသွားတယ်။ တရားစီရင်ရေး အပိုင်းတွေမှာ တော်တော်အားနည်းနေတယ်လို့ ပြောလို့ရတယ်။ အဲဒါကြောင့် အရည်အချင်း ရှိတဲ့ ရှေ့နေတွေနဲ့ မှန်မှန်ကန်ကန် လုပ်ဖို့လိုအပ်တယ်” ဟု ပြောသည်။

ULA/AA အနေဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းတို့တွင် အဂတိလိုက်စားမှုနှင့် အာဏာ အလွဲ သုံးစား လုပ်မှုတို့ကို လက်မခံကြောင်းနှင့် ထိုသို့ဆောင်ရွက်မှုများရှိလျှင် အချက်အလက်များဖြင့် တိုင်ကြားနိုင်ပြီး ဗဟိုက အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၂ ဧပြီလကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

October 18, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊...
October 16, 2024
ရခိုင်က မြို့နယ်အားလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသောကြောင့် ဒေသအတွင်း...
October 15, 2024
ရခိုင်ဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသလို...
October 14, 2024
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကျေးရွာပေါင်း ၁၀...