နိုင်ငံတဝန်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အဆိုးရွားဆုံး ကြုံတွေ့လာရ

နိုင်ငံတဝန်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အဆိုးရွားဆုံး ကြုံတွေ့လာရ

စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတဝန်းရှိ မြို့နယ်အများစုမှာ လျှပ်စစ်မီး ပြတ်တောက် မှု အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။

လျှပ်စစ်မီး ရရှိမှုဟာ အခုနောက်ပိုင်းကာလအတွင်း မြို့ပေါ်ရပ်ကွက်တွေမှာ တစ်ရက်ကို အချိန် ၈ နာရီ ဝန်းကျင် လောက်သာ ရရှိတော့သလို နယ်တွေမှာတော့ တစ်ရက်ကို ၃ နာရီ ဝန်းကျင်သာ ရရှိတော့တဲ့ အခြေအနေတွေ အထိ ဖြစ်ပေါ်လာတာပါ။

စစ်ကောင်စီ လျှပ်စစ်ဖြန့်ဖြူးရေးဌာနကလည်း လျှပ်စစ်မီးဖြန့်ဝေပေးရာမှ တစ်ကြိမ်ကို ၂ နာရီလောက်သာ လျှပ် စစ်မီးပေးပြီး လျှပ်စစ်မီးကိုတော့ တစ်ကြိမ်ကို ၄ နာရီကျော်ထိ ဖြတ်တောက်လာတာ ဖြစ်ပါတယ်။

“လျှပ်စစ်မီး ပြတ်တောက်တာကတော့ တော်တော်ဆိုးဆိုးရွားရွားပဲ။ လူတွေလည်း လှိမ့်ပိန့်ပြီးခံနေရတယ်။ ကြာ လေဆိုးလေ ဖြစ်နေတယ်။ လျှပ်စစ်မီး ပြတ်တောက်တော့ လူမှုဘဝညွှန်းကိန်းတွေ အများကြီးကျတယ်။ (၈၀) ရာခိုင်နှုန်းလောက် ကျသွားတာပေါ့။ ငွေကြေးရှိတဲ့သူက ရေခဲသေတ္တာသုံးတယ်။ ပန်ကာ၊ အဲကွန်းသုံးတယ်။ အဲဒါ တွေက သုံးစွဲခွင့် မရှိတော့ဘူးလေ။ အဲဒီလိုပဲ လျှပ်စစ်ပေါင်းအိုးတွေကို ခလုတ်နှိပ်လိုက်တာနဲ့ ထမင်းအိုးဖြစ်မယ်၊ ဟင်းအိုးဖြစ်မယ့် အနေအထားကနေ အခုတချို့အိမ်ဆို ထင်းမီးဖို အလွတ်တစ်ခါထပ်တည်ရတယ်။ မီးသွေးမီးဖို ဝယ်ရတယ်။ ကသီလင်တတွေ ဖြစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးကတော့ လျှပ်စစ်မီးပြတ်တောက်မှုကို ဆိုးဆိုးရွားရွား ကြုံနေရတာကြောင့် ပြည်သူ့ဘဝ ထိခိုက် နစ်နာမှုတွေ များလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသခံတစ်ဦးက “နည်းပညာပိုင်းဆိုင်ရာ အလုပ်လုပ်တဲ့သူတွေ ဥပမာ- ဖုန်းပြင်စားတဲ့ သူကအစ အကုန်လုံးပေါ့။ ဒီလျှပ်စစ်မီးကို အားကိုးပြီး အလုပ်လုပ်ရတဲ့သူတွေက အများကြီး အများကြီးမှ နစ်နာ မှုတွေဖြစ်တယ်လေ။ အရင်အစိုးရနဲ့ တခြားစီပဲ၊ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ။ အများကြီး ကွာတာပေါ့” လို့ ပြောပါတယ်။

လျှပ်စစ်ဖြန့်ဖြူးရေးဌာနဟာ ပြီးခဲ့တဲ့ကာလက လျှပ်စစ်မီးပေးဝေမယ့် အချိန်တွေကို အချိန်ဇယားနဲ့ ချပြမှုရှိ ပေမယ့် လက်ရှိမှာတော့ ပေးချင်တဲ့အချိန်ပေးနေတာကြောင့် ချက်ဖို့ပြုတ်ဖို့ကအစ လုပ်ငန်းလုပ် ကိုင်ရတာ တွေပါ ပိုမိုခက်ခဲလာတယ်လို့ သူကဆက်ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားလာတာကြောင့် လုပ်ငန်းကရရှိတဲ့ အမြတ်ငွေတွေဟာ မီးစက်ဆီဖိုးဖြစ်သွားသလို လုပ်ငန်းတွေမရပ်တန့်ရေးအတွက် ကြိုးပမ်းရုန်းကန်နေရတယ် လို့ ပြောပါတယ်။

“အဓိက ဘာအလုပ်မဆိုပေါ့လေ။ လျှပ်စစ်မီးကို မှီတာကတော့ များတာပေါ့နော်။ လျှပ်စစ်မီးကောင်း ကောင်း မရတော့ SME တွေကလည်းရတဲ့အမြတ်က ဒီဆီဖိုးနဲ့ မီးစက်နှိုးတဲ့စရိတ်ထဲပဲပြန်ပြီးတော့ ဝင်သွားတာပေါ့။ အခက်အခဲများတာပေါ့။ ဒါပေမယ့်ကိုယ်လုပ်ငန်း မပြတ်အောင်၊ လုပ်ထားတဲ့ရင်းနှီးထားတဲ့ အရင်းအနှီးတွေ ပုံမှန်လည်ပတ်လို့ရရင်တော့ အလုပ်ရှင်တွေကတော့ လုပ်နေကြရတာပဲပေါ့” လို့ ပြောပါတယ်။

လျှပ်စစ်မီး ပုံမှန်ရရှိမှုမရှိတဲ့အတွက် လုပ်ငန်းလည်ပတ်ရာမှာ အပိုငွေတွေ ကုန်ကျခံနေရသလို ထုတ်ကုန်တွေမှာ လည်း ထုတ်လုပ်မှုစရိတ်တွေ တက်လာတာကြောင့် လုပ်ငန်းတွေကို လျော့ချလုပ်ကိုင်နေရတယ်လို့ သူက ဆက် ပြောပါတယ်။

စစ်ခေါင်းဆောင်ကတော့ နိုင်ငံအတွင်းရှိ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းနိုင် သေးကြောင်းနဲ့ အခုပြဿနာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့တဲ့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းကြီးတွေ ရပ်တန့်မှုတွေကြောင့်လို့ အကြောင်းပြပါတယ်။

ပြည်သူတွေလျှပ်စစ်မီး ပြတ်တောက်မှု အဆိုးဝါးဆုံး ကြုံတွေ့နေရပေမယ့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်ရှိ အစိုးရအဖွဲ့ရုံးတွေကိုတော့ ၂၄ နာရီ လျှပ်စစ်မီး ဖြန့်ဝေသွားဖို့ ကိုယ်ပိုင်လိုင်းတွေ တပ်ဆင်ထားတာပါ။

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ဆိုးရွားတဲ့လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ မူဝါဒအပြောင်းအလဲတွေကြောင့်လည်း နိုင်ငံစီးပွားရေး ရာသက်ပန်ထိခိုက်နေပြီး လူတစ်ဦးချင်းရဲ့ GDP က လည်း ကိုဗစ်ကာလမတိုင်မီ ကာလအောက် ၁၃ ရာခိုင်နှုန်း ရောက်ရှိနေတယ်လို့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ ထုတ်ပြန် ထားပါတယ်။

ဓာတ်ပုံ-CJ

Most read this week

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...