သံတောင်ကြီးတွင် အမျိုးသမီး ၃ ဦးအပါအဝင် အဖမ်းခံရသူ ၇ ဦး အဆက်အသွယ်မရဖြစ်နေ

သံတောင်ကြီးတွင် အမျိုးသမီး ၃ ဦးအပါအဝင် အဖမ်းခံရသူ ၇ ဦး အဆက်အသွယ်မရဖြစ်နေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြသာကုန်းကျေးရွာနှင့်အနီးတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၄) ဦးသည် မိသားစုနှင့် အဆက်အသွယ်မရ ဖြစ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

စက်တင်ဘာလကုန်ပိုင်းက မြသာကုန်းကျေးရွာနှင့် ပင့်သီလာကျေးရွာအကြားတွင် တော်လှန်ရေးအတွက် ထောက်ပို့လုပ်ဆောင်သည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က အမျိုးသမီး (၃) ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ (၁) ရက်နေ့တွင် မြသာကုန်းကျေးရွာအတွင်း ဝင်ရောက်ကာ အမျိုးသား (၄) ဦးအား ထပ်မံဖ မ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အမျိုးသမီး (၃) ယောက်ကတော့ တော်လှန်ရေးအတွက် ထောက်ပို့ပေးတယ်၊ ရိက္ခာတွေသယ်ပေး တယ်ဆိုပြီး ဆွဲခံရတာပါ မြသာကုန်း၊ ပင့်သီလာဘက်မှာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

အောက်တိုဘာလ (၁) ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခံလိုက်ရသော သက်လတ်ပိုင်းအရွယ် ရွာခံ အမျိုးသား (၄) ဦးအား တော်လှန်ရေးနှင့် ပတ်သက်သည်ဟု သံသယရှိသဖြင့် ကျေးရွာ အလယ်တန်းကျောင်းတွင် တစ်ည စစ်ဆေးပြီးမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်ပြတ်နေကြောင်း သံတောင်ကြီးမြို့နယ်ခံ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “အဲ့ဒီညက ကျောင်းမှာဖမ်းထားပြီးစစ်တယ်။ ည ၁၂ နာရီလောက်ကျတော့ ကားနဲ့ သံမိုး တောင်ဘက်ကို ခေါ်သွားတယ်။ နောက်ကျနော်တို့ လိုက်မေးကြည့်တော့ တောင်ငူဘက်ကို ခေါ်သွားတယ် ပြောတယ်။ သံမိုး တောင်အထိက မိသားစုကို လာတွေ့ခိုင်းသေးတယ်။ နောက်ပိုင်း တော့ ပြန်လည်းမလွတ်သေးဘူး။ ဘာသတင်းမှ လည်း မကြားရတော့ဘူး“ ဟု ပြောသည်။

ထို့အတူ ပြီးခဲ့သည့်‌ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က မော်တော်ယာဥ်အချို့အား ယာယီဖြတ် သန်းသွားလာ ခွင့် ပိတ်ထားပြီး တော်လှန်ရေးနှင့်ဆက်လျဥ်း၍ စစ်ဆေးဖမ်းဆီးမှု များပြားလျက်ရှိသည့် တောင်ငူ-လိပ်သို လမ်း ပိုင်းကို ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်သော်လည်း ယခင်အတိုင်း စစ်ဆေးမှုများ ပြားနေပြီး သတိထားသွားလာနေရ သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ကရင်အမျိုးသား အစည်းအရုံး - ကေအဲန်ယူ တပ်မဟာ (၂) ထိန်းချုပ်ရာ တောင်ငူခရိုင်အတွင်းရှိ သံတောင်ကြီး မြို့နယ်အတွင်း စစ်ရေးပဋိပက္ခများ ဆက်လက်ရှိနေပြီး စစ်ကောင်စီ၏ စားနပ်ရိက္ခာနှင့်ဆေးဝါး သယ်ဆောင် ခွင့် ပိတ်ဆို့မှုများ၊ အစစ်အဆေး နှင့် မကြာခဏ ဖမ်းဆီးခံရမှုများကြောင့် ယခုနောက်ပိုင်းတွင် စစ်ဘေးရှောင်များ အား ထောက်ပံ့မည့် ရိက္ခာလမ်းကြောင်း ခဲယဥ်းကာ ရိက္ခာပြတ်လပ်မှုများ ဖြစ်လာနေရကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

ထို့အတူ မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းနှင့်ပြည်နယ်အလိုက် ၂၀၂၁ ခုနှစ် မှ ယခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံရေး နှင့် ပတ်သက်၍ စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသော အမျိုးသမီး စုစုပေါင်း (၃,၁၇၅) ဦး၊ ပြစ် ဒဏ်ချမှတ် ထားရသူ (၅၃၈) ဦးနှင့် သေဆုံးသူ (၆၁၄) ဦး အထိရှိနေသည်။

သို့သော် စုံစမ်းဆဲ အရေအတွက်အရ အဆိုပါ စာရင်းထက် ပိုမိုများပြားနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တို့ ပြုစုထားသည့် စာရင်းအရ သိရသည်။

October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...