မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ထုံခါကျေးရွာအနီးရှိ ဆင်ဖြူရှင် (၄) ရဲဘက် အကျဥ်းစခန်း အောက်တိုဘာလ ၅ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က တိုက်ခိုက်ခံခဲ့ရပြီး စစ်တပ်ဘက်တွင် ထိခိုက်သေဆုံးမှု များရှိသည်ဟု ရွာသားများက ပြောသည်။
ထုံခါအကျဉ်းစခန်းသည် ပြစ်မှုဆိုင်ရာ အကျဥ်းသားအများစုနှင့် မူးယစ်ဆေးဝါးအမှု အကျဥ်းသားများ ထားရှိ သည့် ရဲဘက် အလုပ်ကြမ်းစခန်းတစ်ခုဖြစ်သည်။
အောက်တိုဘာလ ၅ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က ထုံခါအကျဥ်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၁ နာရီနီးပါးအကြာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေ ရကြောင်း ထုံခါရွာသားတစ်ဦးက ပြောသည်။
“ရဲဘက်စခန်းကို ရောက်နေတဲ့ ခမရ ၅၅၈ တပ်ရင်းက စစ်သားတွေ တိုက်ခိုက်ခံရတာပါ။ ထိခိုက်သေဆုံးတာ တွေလည်း ရှိနေတယ်လို့ ကြားရတယ်” ဟု ထုံခါရွာသားတစ်ဦးက ပြောသည်။
အကျဥ်းစခန်းတိုက်ခိုက်မှုကို ကော်သူးလေအာမီ - KTLA၊ ထီးစမယ်ရွာတပ်ရင်း - တပ်ခွဲ(၄)နှင့် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းတို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KTLA-tcjf-Tanintharyi တပ်ဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်းမှာပင် ထုတ်ပြန်ထားသည်။
အကျဥ်းစခန်းကို ဝင်ရောက်ပစ်ခတ်ပြီး ပြန်ဆုတ်ခွာရာ လမ်းကြောင်းရှိ ကမ္ဘောဇဆီအုန်းခြံအတွင်း ကင်းပုန်း ဝပ်နေသည့် စစ်ကောင်စီတပ်နှင့်လည်း နှစ်ဖက်ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြသေးသည်။
အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ် မိနစ် ၅၀ ခန့်အချိန်အတွင်း စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထက်မနည်း ဒဏ်ရာရရှိသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အကျဥ်းစခန်းရှိ ကင်းတဲသုံးလုံး ပျက်စီးသွားသော်လည်း အကျဥ်းသားများ ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖေါ်ပြထား သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလအတွင်းကလည်း ထုံခါရဲဘက်အကျဥ်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ပထမအကြိမ် တိုက်ခိုက်ခဲ့ဖူးသေးသည်။