လှိုင်းဘွဲမြို့တွင် ည (၈) နာရီနောက်ပိုင်း သွားလာသူများကို ပစ်မိန့်ပေးထား

လှိုင်းဘွဲမြို့တွင် ည (၈) နာရီနောက်ပိုင်း သွားလာသူများကို ပစ်မိန့်ပေးထား

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့အတွင်း ယခုအောက်တိုဘာလမှစပြီး ည(၈)နာရီကျော်လျှင် တာဝန်ရှိသူမှအပ ဖြတ် သန်းသွားလာမှုလုပ်ဆောင်သူများကို စစ်ကောင်စီမှ ပစ်မိန့်ပေးထားကြောင်း မြို့ခံများက ပြောသည်။

ကရင်ပြည်နယ်အတွင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အသစ်ပြောင်းလဲ ခန့်အပ်လိုက်ပြီးနောက် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသေးသည့် လှိုင်းဘွဲမြို့နယ်တွင် ယခင်ကထက်လုံခြုံရေး စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာပြီး ည ၈ နာရီနောက်ပိုင်းသွားလာသူများကို ပစ်ခတ်မည်ဟု ဂိတ်စောင့်စစ်ကောင်စီတပ်သားများက ပြောဆိုကြောင်း ကိုယ်တွေ့ ကြုံရသည့် ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “စကစက ထုတ်ပြန်တာက အဲ့လမ်းမှာ ညဘက်သွားရင်ပစ်မယ်။ ပစ်ခွင့်ပေးထားတယ်။ တစ်ခုခု ဖြစ် လာရင် သူတို့မှာ တာဝန်မယူဘူးတဲ့။ သူတို့က စာနဲ့ တရားဝင်ထုတ်ထားတာမဟုတ်ဘူး။ ဂိတ်စောင့်တွေက နှုတ်နဲ့ ပဲ ပြောတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ပစ်မိန့်ပေးထားခြင်းကို စစ်ကောင်စီအနေဖြင့် တရားဝင်လိုက်လံအသိပေးခြင်းနှင့် တရားဝင် စာထုတ်ပြန် ထားခြင်းမျိုးမဟုတ်ဘဲ နှုတ်မိန့်ဖြင့်သာ ပြောဆိုထားပြီး ယခုလိုလုံခြုံရေးတိုးမြှင့်စစ်ဆေးခြင်း၊ ဖမ်းဆီးမှုများ ပိုမို လုပ်ဆောင်ခြင်းတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရောင်းဝယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် သွားလာလျှင် မှားယွင်းဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောင်းလည်း ဒေသခံများ က ပြောသည်။

“စကစဘက်က သတင်းအမျိုးမျိုးတွေ ကြားနေရတယ်။ သူတို့လည်း ကြောက်နေကြတယ်။ ဒါကြောင့် အခုလို အမိန့်ထုတ်တာ။ အရင်ကထက် ဖမ်းဆီးတာ‌တွေများတော့ သွားလာရင် မှားဖမ်းမှာ ကိုစိုးရိမ်နေတယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လှိုင်းဘွဲမြို့နယ်တွင် နှစ်ဖက်စစ်ရေးတင်းမာမှု မရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာဂိတ်၊ စခန်းများကို ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်မှုများရှိနေကြောင်း ၎င်းစစ်ကောင်စီနှင့် နီးစပ်သူက ဆက်ပြောသည်။

ယခုလို ညအချိန် ပစ်မိန့်ထုတ်ထားသောကြောင့် ဒေသခံများအနေဖြင့် အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် သွားလာရမည်ဆိုပါက အခက်အခဲများစွာဖြစ်ပေါ်နိုင်သည်ဟု လှိုင်းဘွဲမြို့ပေါ် ဒေသခံတစ်ဦးက သုံးသပ်ပြော ဆိုသည်။

ထိုမြို့ခံက “အခုလို အမိန့်ထုတ်ထားတော့ ဒေသခံတွေက ကြောက်လန့်တာပေါ့။ ညဘက်မှာသူတို့ရှိတဲ့ နေရာနား ကို ဘယ်သူမှ မသွားရဲတော့ဘူး။ အချိန်မတော် ကျန်းမာရေးကိစ္စတွေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲပေါ့။ သူတို့ ကြောက်လို့ အခုလိုထုတ်တာ” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်ပြီးနောက် လှိုင်းဘွဲမြို့တွင် စစ်ကောင်စီမှ ညမထွက်ရ အမိန့်နှင့် ပစ်မိန့်ပေးထားပြီး ၎င်း အမိန့်များကို နယ်မြေခံ လက်နက်ကိုင်ဖြစ်သော နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်များမှ ပြန်လည်ရုပ်သိမ်း‌ စေခဲ့သည်။

ယခုနှစ် အောက်တိုဘာလမှ စတင်ကာ စစ်ကောင်စီဘက်မှ ပြန်လည်ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...