စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖာပွန်ခရိုင်တွင် ကျောင်းသား ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖာပွန်ခရိုင်တွင် ကျောင်းသား ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်အတွင်းရှိ ကျေးရွာများ အတွင်းသို့ စက်တင်ဘာလ ၁ လတာအတွင်း စစ်ကောင်စီတပ်မှ Jet-Fighter လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကျောင်းသား ၃ ဦးသေဆုံးကာ ကျောင်းဆရာ၊ ဆရာမနှင့် ဒေသခံရွာသား စုစုပေါင်း ၈ ဦး ထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မူတြော်ခရိုင်အတွင်းရှိ ကော်ရိုဘောထာ၊ သေသူးခီး၊ ဒေဖိုးနို၊ တာခဲဒဲဒေသ၊ ဂယ်ယူဒဲ၊ ထီးကော်ထာစသည့် ကျေးရွာများအတွင်းသို့ စစ်သုံးလေယာဉ်ဖြင့် ၁၀ ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ထီးကော်ထကျေးရွာမှ အသက် ၁၅ နှစ်အောက် ကျောင်းသူ၊ ကျောင်းသား ၃ ဦးနှင့် ကျောင်းကော်မတီဝင်တစ်ဦး သေဆုံးခဲ့ကာ ကျောင်းဆရာ၊ ဆရာမနှင့်ရွာသူ ရွာသားစုစုပေါင်း ၈ ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ မူတြော်သတင်းစဉ်၏ အောက်တိုဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုတွင် အလေးချိန်ပေါင် (၅၀၀) ရှိသည့် ကလက်စ်တာဗုံးအမျိုးအစား ၂၃ လုံးကိုအသုံးပြု ကြဲချခဲ့သည့်အပြင် စက်သေနတ်များပါ အသုံးပြုခဲ့ပြီး မြေပြင်လက်နက်ကြီးကျည် ၂၀ ခန့် ပစ်ခတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရပ်သားထိခိုက် သေဆုံးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု အတွင်း ဘာသာရေး အဆောက်အအုံ ၂ လုံး၊ စာသင်ဆောင် တစ်ဆောင်နှင့် လူနေအိမ် ၁၂ လုံးလည်း ထိမှန် ပျက်စီးခဲ့ကာ အိမ်မွေးတိရစ္ဆာန်များလည်း လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် တစ်လတာအတွင်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF တပ်များ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLA တပ်များအကြား နှစ်ဖက်တိုက်ပွဲပေါင်း (၈၄) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ (၃၉) ဦးသေဆုံးကာ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၄၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သလို KNLA တပ်ဘက်မှလည်း ၅ ဦးကျဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဘက်က ပြောဆိုသည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုများနှင့် တိုက်ပွဲအတွင်း အသုံးပြုသည့် စစ် လက်နက်များကို KNLA တပ်ဘက်က သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်း ထုတ်ပြန်ထားခြင်းမရှိကြောင်း တွေ့ရှိရသည်။

အလားတူ ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီတပ်၏ စစ်စခန်း၊ စစ်ဆေးရေးဂိတ်များကို KNLA တပ်ဘက်မှ မကြာခဏဝင်ရောက်တိုက်ခိုက်မှုများရှိနေသလို မြို့အတွင်းရှိ စစ်ကောင်စီတပ်၏ လက်အောက်ခံ ဌာနဆိုင်ရာရုံးများကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများမကြာခဏ သွားရောက်လုပ်ဆောင်လေ့ရှိကြောင်း သက် ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

Most read this week

October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...