ရန်သူကို တွန်းလှန်နိုင်ရန် အဖွဲ့အစည်းတွင်း စည်းလုံးမှုနှင့် လူထုထောက်ခံမှု အရေးကြီးဟု KNU ဥက္ကဋ္ဌပြော

ရန်သူကို တွန်းလှန်နိုင်ရန် အဖွဲ့အစည်းတွင်း စည်းလုံးမှုနှင့် လူထုထောက်ခံမှု အရေးကြီးဟု KNU ဥက္ကဋ္ဌပြော
Photo-KNU
Photo-KNU

ကရင်တမျိုးသားလုံး၏ အကြီးမားဆုံးရန်သူဖြစ်သည့် စစ်အာဏာရှင်ကို တွန်းလှန်နိုင်ရန် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနှင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှုသည် အရေးကြီးကြောင်း ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သည့် ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ ၁၇ ကြိမ် မြောက် ကွန်ဂရက်အပြီး ပထမဆုံးအကြိမ် ပြောကြားသော ကရင်ပြည်သူလူထုများအတွက် အွန်းလိုင်းမိန့်ခွန်း တွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ ဥက္ကဋ္ဌက “ယခုကာလမှာ ကျနော်တို့ အနှောင့်အယှက်ပေးမယ့်အရာ၊ ကျနော်တို့ကို ဖျက်ဆီးမယ့် အရာ၊ ကျနော်တို့ ကြုံတွေ့နေရတဲ့ အကြီးမားဆုံးရန်သူက အထူးသဖြင့် စစ်အာဏာ ရှင်အုပ်စုပဲ ဖြစ်ပါတယ်။ အဲ့ ဒါကြောင့် အခုကျနော်တို့ ရင်ဆိုင်နေရတဲ့ ခွန်အားနဲ့ လက်နက်ခဲယမ်း အဖက်ဖက်ပြည့်စုံတဲ့ ရန်သူကို တွန်းလှန် နိုင်ဖို့က ကျနော်တို့ အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံရေးအရ ပူးပေါင်းလုပ်ဆောင်မှုအပိုင်းမှာ ပြည်သူတွေ ထောက်ခံအားပေးမှုရှိဖို့က အင်မတန်မှ အရေးပါတယ်” ဟု ပြောသည်။

လက်ရှိ ကရင်လူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အရာများသည် ယခုပင်မဟုတ်ဘဲ သမိုင်းအစဉ် ဆက်က တည်းက ကြုံတွေ့နေခဲ့ရကာ ရန်သူစစ်တပ်၏ ညှဉ်းပမ်းနှိပ်စက်မှုများကြောင့် ကရင်လူမျိုးများသည် နေရပ် အိုး အိမ်စွန့်ခွာ၍ တစ်ဖက်နိုင်ငံသို့ စစ်ဘေးဒုက္ခသည်အဖြစ် ခိုလှုံခဲ့ရသည်ဟုလည်း ကေအဲန်ယူ ဥက္ကဋ္ဌက ပြောဆို ထားသည်။

ထို့အပြင် ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်းရှိ ပြည်သူလူထုများသည် အာဏာရှင်ကို ပြန်လည်ဆန့်ကျင်ရာမှ စစ်ကောင်စီဘက်က အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်သည့်အတွက် ၎င်းတို့နယ်မြေထဲသို့ လာရောက်တိမ်းရှောင်လာသော ပြည်သူများကို ကာကွယ်ပေးနေရကြောင်း၊ ထိုသို့ ကာ ကွယ်ပေးသည့် တစ်ချိန်ထဲတွင် စစ်တပ်၏ အကြမ်းဖက် သတ်ဖြတ်မှုများကို အစည်းအရုံးနှင့်တပ်ဖွဲ့ဝင်များက လက်မခံနိုင်သည့်အတွက် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ကာ တိုက်ပွဲများတကျော့ပြန်  ဖြစ်ပွားလာခြင်း ဖြစ် သည်ဟုလည်း ကေအဲန်ယူ ဥက္ကဋ္ဌ မိန့်ခွန်းတွင် ပြောဆိုထားသည်။

အဆိုပါ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသည့် ကရင်ပြည်သူလူထုသည် ယခင်ကထက်ပိုမိုများ ပြားပြီး ကရင်ဒေသတစ်ခုထဲတွင် စစ်ရှောင်ဦးရေ ၆ သိန်းကျော်ရှိလာကာ ၎င်းစစ်ရှောင်ပြည်သူများကို ကေအဲန်ယူက ထောက်ပံ့မှုအကူအညီများပေးနေရသည့်အပြင် နိုင်ငံတကာရှိ ပုဂ္ဂလိကအလှူရှင်အချို့မှလည်း နယ်စပ်ဒေသ လူမှုကူညီရေးအဖွဲ့မှ တစ်ဆင့် သွားရောက်ထောက်ပံ့မှု ရှိသော်လည်း လုံလောက်မှု မရှိသလို အကူအညီ ဆက် လက် လိုအပ်နေဆဲဖြစ်ကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ဆက်လက်၍ ကေအဲန်ယူ ဥက္ကဋ္ဌက ကရင်အမျိုးသား တော်လှန်ရေးသည် ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး တစ်စုတစ်ဖွဲ့တည်း လုပ်ဆောင်၍မရသလို ကရင်တစ်မျိုးလုံးပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပြီး ဝေဖန်ပြော ဆိုမှုမျိုး တစ်ခုတည်းပင်မဟုတ်ဘဲ ကျရာအခန်းကဏ္ဍတွင် ကိုယ်တိုင်ကိုယ်ကျထဲထဲဝင်ဝင် ပါဝင်လုပ် ဆောင်ကြ ရန်ကိုလည်း  တိုက်တွန်းပြောဆိုထားသည်။

(၁၇) ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်ကို ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့မှစ၍ မေလအထိ ၎င်းတို့ ထိန်းချုပ် နယ်မြေတစ်နေရာတွင် ကျင်းပခဲ့ပြီး ခရိုင်၊ တပ်မဟာ (၇) ခုမှ ကိုယ်စားလှယ် ၂၀၀ နီးပါး ပါဝင် တက်ရောက်ကာ ခေါင်းဆောင်သစ်များကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

ကွန်ဂရက်အတွင်း ဆုံးဖြတ်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေး ရပ်တည်ချက်၊ ရှေ့လုပ်ငန်းစဉ်နှင့် ထိန်း ချုပ် နယ်မြေအတွင်း စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ ကွန်ဂရက်အပြီး ရက် ၁၀၀ ရှင်းလင်းပွဲကိုလည်း ပြီးခဲ့သည့် ဩဂုတ်လ (၁၀) ရက်နေ့က ကေအဲန်ယူက အွန်လိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့သေးသည်။

Most read this week

October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...