ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စွာတင်

ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စွာတင်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက် ၄ ခုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ မြို့နယ်အထွေအထွေ အုပ်ချုပ် ရေးမှူးရုံးသို့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် နှုတ်ထွက်စာတင်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့တွင် စံပြရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ အလယ်စုရပ်ကွက်နှင့် ရွာဟောင်းရပ်ကွက်တို့ရှိပြီး အဆိုပါ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးမှာ တပြိုင်တည်း နှုတ်ထွက်စာတင်လိုက်ခြင်း ဖြစ်သည်။

နှုတ်ထွက်စာတင်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦးက “နှုတ်ထွက်စာ တင်ထားကြတာက ဟုတ်တယ်။ အကြောင်းကတော့ ထွေထွေထူးထူး မရှိဘူး။ အသက်ကြီးလာပြီး ကျန်းမာရေးမကောင်း ဖြစ်လာ တဲ့အတွက် နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်” ဟု ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ စစ်ကောင်စီနှင့် AA တို့ကြား ကြားညှပ်ခြင်း၊ ဒေသတွင်း အုပ်ချုပ်ရေးပိုင်းများကို AA က တိုင်တွယ်လာ၍ လုပ်ပိုင်ခွင့်များဆုံးရှုံးလာသည့်အတွက် နှုတ်ထွက်ရခြင်းဖြစ်သည်ဟု ယူဆကြောင်း ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက သူ့၏အမြင်ကို ယခုကဲ့သို့ ပြောသည်။

“မြို့တွင်းမှာလည်း အုပ်ချုပ်ရေးပိုင်းက နှစ်ခုလိုဖြစ်နေကြပြီး စစ်ကောင်စီဖက်က ရပ်ကျေးအုပ်ချုပ်မှူးတွေရဲ့ အရေးပါမှုက နည်းလာတာကို တွေ့ရတယ်။ အထူးသဖြင့် ထောက်ခံစာတို့လောက်ပဲ သူတို့ဆီက တောင်းကြ တော့တယ်။ ကျန်တဲ့ကိစ္စတွေကိုတော့ ULA ဖက်က ကိုင်တွယ်ဖြေရှင်းလာတယ်။ ဒါကြောင့် အုပ်ချုပ်ရေးမှူးတွေ က ကြားညှပ်သလိုဖြစ်လာလို့ နှုတ်ထွက်ကြတာလို့ ယူဆရတယ်” ဟု ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ပုဏ္ဏားကျွန်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ပုဏ္ဏားကျွန်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအားလုံး နှုတ်ထွက်စာတင်ထား၍ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပြီးလုပ်ကိုင်ရသည့် ကျေးရွာဖွံ့ဖြိုးရေးအပါအဝင် လမ်းတံတား၊ စာသင်ကျောင်း၊ ဆေးခန်း အစရှိသည့်လိုအပ်ချက်များကို တင်ပြ၍မရဘဲဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ထို့အပြင် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်) စသည့်ကိစ္စရပ်များကို လုပ်ကိုင်ရန် အတွက် ရပ်ကွက်ထောက်ခံစာယူ၍မရသည့် အခက်အခဲများရှိလာနိုင်သည်ဟု ပုဏ္ဏားကျွန်းမြို့က လူမှုရေး တက်ကြွသူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာ တင်ထားကြတယ်လို့တော့ကြားတယ်။ အုပ်ချုပ်ရေးမှူးတွေ နှုတ် ထွက်စာတင်ထားတော့ နှုတ်ထွက်ခွင့်ပေးမလား၊ မပေးဘူးလားဆိုတာတော့ မသိရသေးဘူး။ နှုတ်ထွက်စာ တင် ထားတဲ့ ကြားကာလမှာ အစိုးရနဲ့သက်ဆိုင်တဲ့ ရုံးပိုင်းဆိုင်ရာကိစ္စတွေအတွက် ထောက်ခံစာတွေ၊ တခြားလူမှုရေး ကိစ္စတွေကို ဖြေရှင်းဖို့ အုပ်ချုပ်ရေးမှူး မရှိတာကြောင့် ခက်ခဲမှုတွေတော့ရှိနိုင်တယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး စုစုပေါင်း ၉၀ နီးပါးမှာ စစ်ရေးပဋိပက္ခအကြား နှစ်ဖက်လက်နက်ကိုင်အန္တရာယ်ကို စိုးရိမ်သည့်အတွက် နှုတ်ထွက်စာ တင်ခဲ့ ကြသည်။

ထိုသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်သွား၍ ဒေသခံများမှာ အခက်အခဲဖြစ်ရသည့်အတွက် ရက္ခိုင့်တပ် တော် (AA) က ဇန်နဝါရီတွင် အဆိုပါ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ပြန်လည် တာဝန်ထမ်းဆောင်ကြရန် တိုက် တွန်းခဲ့၍ အုပ်ချုပ်ရေးမှူးများမှာ တာဝန်ထမ်းဆောင်ခဲ့ကြသည်။

Most read this week

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...