ရန်သူ၏ စိတ်ဓာတ်စစ်ဆင်ရေးတိုက်ခိုက်မှုများကို သတိထားရန် KNDO တပ်ရင်း(၈) တပ်ရင်းမှူး တိုက်တွန်း

ရန်သူ၏ စိတ်ဓာတ်စစ်ဆင်ရေးတိုက်ခိုက်မှုများကို သတိထားရန် KNDO တပ်ရင်း(၈) တပ်ရင်းမှူး တိုက်တွန်း

တော်လှန်ရေးအချင်းချင်းကြား စိတ်ဝမ်းကွဲမှုများရှိစေရန် ရန်သူစစ်ကောင်စီတပ်မှ အင်အားမျိုးစုံအပြင် စိတ် ဓာတ် စစ်ဆင်ရေး တိုက်ခိုက်မှုမျိုးကိုပါ လုပ်ဆောင်လာသည့်အတွက် သတိထားကြရန် ကရင်အမျိုးသား ကာ ကွယ်ရေး တပ်မတော် - KNDO တပ်ရင်း (၈) တပ်ရင်းမှူးဖြစ်သူက တိုက်တွန်းလိုက်သည်။

ကရင်အမျိုးသား ကာ ကွယ်ရေး တပ်မတော် - KNDO တပ်ရင်း (၈) တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး စော အယ်မြထူးက စက်တင် ဘာလ ၂၄ ရက် နေ့စွဲဖြင့် ၎င်း၏တပ်ဖွဲ့ဝင်များကို တိုက်တွန်းအားပေးစာ တစ်စောင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တော်လှန်ရေးသမားအချင်းချင်းကြား ချစ်ခင်စည်းလုံးမှုကို ရန်သူဘက်မှ မလိုလားသည့်အတွက် လက်နက်ကြီး အင်အား၊ လေကြောင်းတိုက်ခိုက်မှု အင်အားအပြင် အချင်းချင်းကြားစိတ်ဝမ်းကွဲမှုရှိစေရန် စိတ်ဓာတ်စစ်ဆင်ရေး ကိုပါ တပြိုင်နက်တည်း လုပ်ဆောင်လာသည်ကို ကြုံတွေ့နေရသည့်အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် အထူးသတိ ထားရမည် ဖြစ်ကြောင်း KNDO တပ်ရင်း(၈) ဒုတိယဗိုလ်မှူးကြီး စောအယ်မြထူးက ပြောသည်။

၎င်းက “တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတော့ အမျိုးမျိုးပြောကြတယ်။၊ မြေပြင်မှာ တာဝန်နဲ့ သွားရတဲ့ ကျနော်တို့ကလေးတွေက အဲဒါတွေ့ပြီးစိတ်ဓာတ်ကျတယ်။ ကျနော်တို့ ဘယ်လောက်လုပ်လုပ် ကျနော်တို့လူမျိုး တွေက မစည်းလုံးဘဲ အပြစ်တင်ပြောတော့ သူတို့တွေလည်း စိတ်ထိခိုက်တယ်။ အဲဒါကြောင့် ကျနော်တို့ တပ် ရင်းအတွက် စာထုတ်ပြီး အားပေးတာဖြစ်တယ်။ ရန်သူစစ်တပ်မကဘဲ တခြားနိုင်ငံတွေမှာလည်း ဒီလိုစိတ်ဓာတ် စစ်ဆင်ရေးတွေလုပ်တာရှိတယ်။ အဓိက နားမလည်တဲ့ လူတွေကို ပစ်မှတ်ထားတာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင်လည်း အချင်းချင်းကြား အထင်မှားအမြင်မှားဖြစ်စေရန် ရန်သူဘက်မှ တစ်ဖက်နှင့် တစ်ဖက် တိုက် ခိုက်ဝေဖန် ပြောဆိုမှုများဖန်တီးကာ အဆိုပါ တိုက်ခိုက်ပြောဆိုသူများကို ရန်သူ စစ်ကောင်စီတပ်ဘက်မှ သွယ်ဝိုက်သည့်နည်းဖြင့် အားပေးအားမြောက်မှုရှိကြောင်း၊ ထိုတိုက်ခိုက် ဝေဖန်မှုများကြောင့် တပ်ဖွဲ့ဝင်အချို့ သည် စိတ်ဓာတ်ကျဆင်းသွားသည်အထိ စိတ်ဓာတ် စစ်ဆင်ရေးတိုက်ခိုက်မှုကို ကြုံတွေ့နေရကြောင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအယ်မြထူး တိုက်တွန်းစာတွင် ပြောဆိုထားသည်။

ထို့အပြင် ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကိုယ့်လူမျိုးအချင်းချင်း ကြား စည်းလုံးညီညွတ်မှု ရှိရန်လုပ်ဆောင်ရန် ခက်ခဲသော်လည်း ရန်သူ့အင်အား ဖြစ်သွားစေမည့် လုပ်ရပ်ကို မလုပ်မိရန် သတိထားရမည် ဖြစ်သလို စိတ်ဓာတ်မကျကြရန်လည်း KNDO တပ်ရင်း ၈ တပ်ရင်းမှူး တိုက်တွန်း အားပေးစာတွင် ပြောဆိုထားသည်။

ဆက်လက်၍ လက်ရှိ အနစ်နာခံမှုများသည် နောင်လာနောက်သားများ ငြိမ်းချမ်းလွတ်စွာ အသက်ရှင်ရပ် တည်နေထိုင်ရန်အတွက်သာ ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး စောအယ်မြထူး၏ တိုက်တွန်းအားပေး စာထဲတွင် ဆက်လက်ပြောဆိုထားသည်။

KNDO တပ်ရင်း ၈ သည် ယခင်က KNDO ဗဟိုဌာနချုပ် အူကရေ့ခီးအခြေစိုက် လုံခြုံရေးတပ်ရင်း တစ်ရင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့တွင် အဖွဲ့၏စစ်ဦးစီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ် နယ်ဒါးမြက ကော်သူးလေ အာမီ - KTLA အဖွဲ့ကို တည်ထောင်ပြီးနောက်ပိုင်း KNDO တပ်ရင်း ၈ အဖြစ် ပြန်လည်ဖွဲ့စည်းပြီး တပ်ရင်းမှူး အဖြစ် ဒုတိယဗိုလ်မှူးကြီး စောအယ်မြထူးအား တာဝန် ပေးထားခြင်းဖြစ်သည်။

KNDO တပ်ရင်း ၈ တွင် တပ်ခွဲ ၃ ခုရှိပြီး တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ တို့မှာ ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ မြဝတီမြို့ တောင်ဘက်ပိုင်းတွင် အခြေချလှုပ်ရှားနေပြီး တပ်ခွဲ ၁ မှာ ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေ၊ သောလယ်ထာ့ ဘက်တွင် လှုပ်ရှားလျက်ရှိသည်။

လက်ရှိတွင် KNDO တပ်ရင်း ၈ သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA နှင့် စစ်အာဏာရှင် ကို တော်လှန်တိုက်ခိုက်နေသည့် Federal Wings Drone တပ်ဖွဲ့ဝင်များနှင့် ပူးတွဲစစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင် လျက်ရှိသည်ဟု ဆိုသည်။

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...