ဘယ်တော့ အိမ်ပြန်ရမလဲ

ဘယ်တော့ အိမ်ပြန်ရမလဲ

၁၀ ပတ်လည်ရှိသည့် ယာယီအိမ်ငယ်လေးတွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို တွေ့ရသည်။ ထိုအိမ်မှာ ဝါးဖြင့်လုပ်ထားသည့် ကြမ်းပြင်၊ အမိုးနှင့် ပတ်လည်အကာများမှာ တာပေါ်လိတ်ဖြင့် ပြု လုပ်ထားသည်။

အသားညိုညို၊ မုတ်ဆိတ်မွေးခြူခြူဖြင့် ယင်းအိမ်ငယ်၏ ရှေ့တွင် ထိုင်းမှိုင်းကာ တစ်နေရာကို တမ်းတငေးကြည့် နေသည်။

“မိမိနေရပ်ကို မပြန်ချင်တဲ့သူ ဘယ်ရှိပါ့မလဲ။ ကျနော်တို့ ပြန်လာချင်တာပေါ့။ ပြန်လာဖို့အတွက်လည်း အဆင် သင့်ရှိတယ်။ အဆင်သင့်ရှိပေမဲ့လည်း မပြန်နိုင်သေးဘူးလေ” ဟု မူဟာမတ် စောယာဒ် (အမည်လွဲ)က ဝမ်းနည်း စွာဖြင့် ပြောသည်။

သူဟာ အသက် ၃၀ ကျော်အရွယ် လူလတ်ပိုင်းတစ်ယောက်ဖြစ်ပြီး လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင် ဒုက္ခသည်စခန်းကို ဒုက္ခသည်အဖြစ် ရောက်ရှိလာသူဖြစ်သည်။

ကူတူပါလောင်ဒုက္ခသည်စခန်းသို့ ဘယ်လိုရောက်ရှိလာလဲ

မူဟာမတ် စောယောဒ်သည် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲ ဇာတိဖြစ်ပြီး မူလကျေးရွာတွင် ပုဇွန်ကန်၊ လယ်ယာလုပ်ကာ အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်။

ညီအစ်ကိုမောင်နှမ မိသားစုဝင် ၈ ဦးရှိပြီး ယခင်က ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြကြောင်း အောက်မေ့ပြောပြသည်။ ဇာတိမှာနေစဉ်က တိုက်အိမ်နှင့် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်ကာ လူမျိုးစုံ၊ ဘာသာစုံများဖြင့် ချစ်ချစ်ခင်ခင် နေခဲ့ကြောင်း သူကပြောသည်။

သူသည် လူမှုရေး၊ သာရေးနာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း ပါဝင်ခဲ့သူတစ်ယောက်ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်ကို ARSA အဖွဲ့က ဝင်ရောက်တိုက်ခတ်မှုကြောင်း မြန်မာစစ်တပ်၏ နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်အောက်တွင် မွတ်ဆလင်များ သတ်ဖြတ်ခံရကာ နေအိမ်များလည်း မီးရှို့ခံခဲ့ရသည်။

“အဲဒီနေ့က ကျနော်တို့ တောင်ပြိုလက်ဝဲ ရပ်ကွက် ၄ ကဆိုရင် လူနှစ်ယောက်ကို သေနတ်ပစ်ပြီးတော့ စစ်သား တွေ သတ်ပစ်တာရှိတယ်။ မင်းကြီး(မွတ်ဆလင်)ကျေးရွာလည်း မီးရှို့ခံရတယ်” ဟု ကိုမူဟာမတ် စောယောဒ်က ပြောသည်။

ယင်းအပြင် မြန်မာစစ်တပ်က ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်မှ မွတ်ဆလင်ကျေးရွာများကို မီးရှို့လာ သည့်အတွက် မူဟာမတ် စောယောဒ်၏ မိသားစုမှာ ကြောက်လန့်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဇီးရိုးပွိုင့် ဒုက္ခသည်စခန်းသို့ ထွက်ပြေးခဲ့ရကြောင်း ဆိုသည်။

ယင်းဒုက္ခသည်စခန်းတွင် တစ်ပတ်ခန့်နေကာ အခြေအနေစောင့်ကြည့်နေစဉ် မြန်မာစစ်တပ်က အင်းဒင်ကျေးရွာ သား ၁၀ ဦးကို သတ်ဖြတ်ကာ ရွာကိုမီးရှို့ခဲ့ရာ မူဟာမတ် စောယောဒ် နေအိမ်လည်း မီးရှို့ဖျက်ဆီးခံလိုက်ရ သည်။

ထိုသို့ နေအိမ်မီးရှို့ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင်ဒုက္ခသည်စခန်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး မိသားစုဝင်များမှာလည်း အခြားဒုက္ခသည်စခန်းများသို့ ရောက်သွားကာ တကွဲတပြားဖြစ်ခဲ့ရကြောင်း ပြောသည်။

ထိုဖြစ်စဉ်အတွင်း မွတ်ဆလင် ၇ သိန်းကျော်မှာ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြ ရပြီး ကူတူပါလောင်ဒုက္ခသည်စခန်းအပါအဝင် ဒုက္ခသည်စခန်းအသီးသီးတွင် ခိုလှုံနေကြရသည်။

စခန်းအခြေအနေ ပိုကျပ်တည်းလာ

လက်ရှိခိုလှုံနေသည့် ဒုက္ခသည်စခန်းတွင် နေရသည့် ယာယီအိမ်မှာ ၁၀ ပေပတ်လည်သာရှိသည့် ရွက်ဖျင်တဲ ဖြစ် ကြောင်း မူဟာမတ် စောယောဒ်က ပြောသည်။ လူဦးရေလည်း များပြားသည့်အတွက် အဆင်မပြေ ဖြစ်နေသည်။

“ကျနော့်မှာက လင်မယား ၂ ယောက်တည်းဆိုတော့ အဆင်ပြေသေးတယ်။ မိသားစုတွေများတဲ့ သူတွေဆိုရင် လုံးဝအဆင်မပြေဘူး။ ဒါပေမယ့် ဖြစ်သလိုနေရတယ်။ နောက်ပြီးတော့ လူဦးရေကလည်းထူထပ်တယ်၊ တဲတွေ ကလည်း တစ်လုံးနဲ့ တစ်လုံးဆက်ပြီးတော့ ဆောက်ထားတာ” ဟု ဆိုသည်။

ထိုဒုက္ခသည်စခန်းက ဒုက္ခသည်များမှာ စခန်းပြင်ကိုထွက်ပြီး တရားဝင်အလုပ်လုပ်လို့ မရသည့်အတွက် နိုင်ငံတ ကာထောက်ပံ့သည့် ငွေကြေးဖြင့် အဆင်ပြေအောင် စားသောက်နေထိုင်ရကြောင်း မူဟာမတ် စောယောဒ် က ပြောသည်။

“ဒုက္ခသည်စခန်းမှာရှိတဲ့ လူတွေက တရားဝင်အနေနဲ့ ဒီနိုင်ငံမှာ အလုပ်လုပ်လို့မရဘူး။ ကျနော်တို့က နိုင်ငံတကာ ထောက်ပံ့တဲ့ငွေတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတာ” ဟု မူဟာမတ် စောယောဒ်က ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းတွင် လူဦးရေများကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က စားနပ်ရိက္ခာကို အဓိက ထောက်ပံ့ ပြီး UNHCR က နေအိမ်များကို ပြုလုပ်ပေးကြောင်း သိရသည်။

WFP မွတ်ဆလင်ဒုက္ခသည် တစ်သန်းခန့်အား ပုံမှန်အားဖြင့် လစဉ်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ ထောက်ပံ့သော်လည်း စားနပ်ရိက္ခာအတွက် လုံလောက်မှုမရှိကြောင်း ဒုက္ခသည်များက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသည့် မွတ်ဆလင်ဒုက္ခသည်များအား စား နပ်ရိက္ခာ ထောက်ပံ့မှုကို ရန်ပုံငွေလိုအပ်ချက်ကြောင့် လျှော့ချရန်စီစဉ်နေကြောင်း WFP က ပြောကြားခဲ့သည်။

WFP သည် ယခင်က ဒုက္ခသည်တစ်ဦးကို ၁၂ ဒေါ်လာ ထောက်ပံ့ပေးရာမှ ယခုနှစ် မတ်လကစ၍ ၁၀ ဒေါ်လာသို့ လျှော့ချလိုက်ပြီး ယခုလတွင် ၈ ဒေါ်လာသို့ ထပ်မံ့လျှော့ချလိုက်ခြင်း ဖြစ်သည်။

ယခင်ထောက်ပံ့သည့် ၁၂ ဒေါ်လာမှာ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာမှာ လုံလောက်မှုမရှိသည့်အပြင် လက်ရှိ ၈ ဒေါ်လာသာ ထောက်ပံ့တော့မည်ဖြစ်သည်အတွက် ပိုမိုဆိုးရွားမှုများဖြစ်လာနိုင်ကြောင်း ဒုက္ခသည်များက ပြော သည်။

WFP ဒေါ်လာ ၁၂ ဒေါ်လာ ထောက်ပံ့မှုနှင့်မလုံလောက်သည့်အတွက် ဒုက္ခသည်တချို့မှာ မလေးရှားနိုင်ငံ၊ အင်ဒိုနီး ရှားနိုင်ငံများကို ထွက်ပြေးမှုများရှိပြီး သေဆုံးသူများလည်းရှိကြောင်း ကိုမူဟာမာတ် စောယောဒ်က ပြောသည်။

“ဒီစခန်းမှာရှိတဲ့ လူတွေ အကုန်လုံးအခက်အခဲနဲ့ ကြုံရနိုင်တယ်။ အစာရေစာမဝရင် လူတွေက နောက်ထပ် ဆိုး ကျိုးတွေ အများကြီးဖြစ်လာမယ်။ အဲဒီလို စားဝတ်နေရေးအဆင်မပြေလို့ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံကို အသက်စွန့်ပြီးတော့ ထွက်ပြေးတဲ့ လူတွေလည်းရှိတယ်။ သေသွားတဲ့ လူတွေလည်းရှိတယ်” ဟု ဆိုသည်။

အဆိုပါ မွတ်ဆလင်ဒုက္ခသည်များမှာ မိမိနေရပ်သို့ ပြန်ချင်သော်လည်း ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုရှိသည့် အတွက် မပြန်ရဲကြပေ။

စစ်ကောင်စီ ပြင်ဆင်နေသည့် ပြန်လည်လက်ခံရေးအစီအစဉ်

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရန် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ် ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်တို့ပါဝင်သည့် အဖွဲ့မှာ ပြန်လည်လက်ခံရေး စခန်းများကို သွားရောက်ကြည့်ရှုခဲ့ သည်။

စစ်ကောင်စီ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံခဲ့သည့် ပြန်လည်လက်ခံရေးစခန်းများမှာ မောင်တောမြောက် ပိုင်းရှိ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် စခန်းများဖြစ်သည်။

ယင်းအပြင် ယခုလ စက်တင်ဘာ ၁ ရက်နေ့ကလည်း ဦးကိုကိုလှိုင်အပါအဝင် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ အကြီးအကဲနှင့် သံတမန်များမှာ မွတ်ဆလင်များ ပြန်လည်လက်ခံရေးနှင့်ပတ်သက်ပြီး မောင်တောမြို့ မြောက် ပိုင်းရှိ ပြန်လည်လက်ခံရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူနှင့် မွတ်ဆလင်ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကို ကနဦး ပြန်လည်လက်ခံရန် စီစဉ် ထားကြောင်း စစ်ကောင်စီက ပြောဆိုထားပြီး မည်သည်နေ့တွင် လက်ခံသွားမည်ကို တိတိကျကျပြော ဆိုခြင်း မရှိပေ။

ယင်းအပြင် မွတ်ဆလင်ဒုက္ခသည်များအား ကနဦးအဖြစ် ဒုက္ခသည်အရေအတွက် ၁၀၀၀ ခန့်ကို ၎င်းတို့၏ မူရင်း ဌာနေသို့ ပြန်လည်ပို့ဆောင်ရေးကို ယခုနှစ်အတွင်း စတင်ဆောင်ရွက်လိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် မာဆက်ဘင်မိုမန်က ဩဂုတ်လအတွင်းက ပြောကြားခဲ့သည်ဟု သိရသည်။

သို့သော် စစ်ကောင်စီက ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်ပြီး မွတ်ဆလင်များမှာ အယုံအကြည် မရှိကြပေ။ အသက်အာမခံချက် မရှိဘဲ မြန်မာနိုင်ငံသို့ ပြန်မလာနိုင်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကူတူပါလောင်ဒုက္ခသည် စခန်း တွင် ခိုလှုံနေသည့် ကိုကာမာလ်က ပြောသည်။

“ကျနော်တို့အတွက် အသက်အာမခံချက်ရှိရင် ပြန်လာမယ်လို့ မြန်မာအစိုးရကို ပြောရင်လည်း သူတို့ဖက်က ဘာမှပြောလာတာ မရှိဘူး။ အခုက ကျနော်တို့အတွက် အသက်အာမခံချက်လည်း မရှိဘဲ ပြန်မလာနိုင်ဘူး” ဟု ပြောသည်။

ယင်းအပြင် မွတ်ဆလင်များ ပြန်လည်ဝင်ရောက်လာမည်ဆိုပါကလည်း မိမိနေရပ်မှာ နေထိုင်လိုကြောင်းနှင့် နိုင်ငံ သားဖြစ်ခွင့် မပေးပါက မလာနိုင်ကြောင်း ကူတူပါလောင် ဒုက္ခသည်စခန်းမှ စောယောဒ်အာလောမ်က ပြော သည်။

“အဓိက နိုင်ငံသားဖြစ်ခွင့် ပေးရမယ်။ နောက်ပြီးတော့ ကျနော်တို့အနေနဲ့ အဲဒီပြန်လည်လက်ခံရေးစခန်းတွေမှာ မနေနိုင်ဘူး။ ကျနော်တို့ ဘိုးဘွားစဉ်ဆက်နေခဲ့တဲ့ နေရာရှိတယ်။ အဲဒီနေရာမှာ ပြန်ပေးပြီးမှ ပြန်လာနိုင်မယ်။ မပေးဘူးဆိုရင် မလာနိုင်ဘူး” ဟု ဆိုသည်။

စစ်ကောင်စီဝန်ကြီးများအနေဖြင့် အဆိုပါ ပြန်လည်လက်ခံရေးစခန်းများကို လာရောက်ကြည့်ရှုခြင်းမှာ ဟန်ပြ လုပ်သလို ဖြစ်နေပြီး နေအိမ်များမှာလည်း ခိုင်မာမှုမရှိဖြစ်နေကြောင်းလည်း မောင်တောမြို့မှ ရပ်မိ၊ ရပ်ဖများက ပြောဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်ကလည်း မွတ်ဆလင်များကို ပြန်လည်လက်ခံ ရန် တာဝန်ရှိသူများက မွတ်ဆလင်ဒုက္ခသည်များနှင့် ၃ ကြိမ်တိုင်တိုင် လာရောက်တွေ့ဆုံမှုရှိကြောင်း ဒုက္ခသည် များထံမှ သိရသည်။

ယင်းတာဝန်ရှိသူများက ဒုက္ခသည်များနှင့်တွေ့ဆုံကာ ပြန်လည်လက်ခံစခန်းဖြစ်သည့် တောင်ပြိုလက်ဝဲ လက်ခံ ရေးစခန်း (၁)၊ ငါးခူးရလက်ခံရေးစခန်း (၂) များတွင် တစ်ရက်လျှင် ဒုက္ခသည် ၁၅၀ လက်ခံမည်ဖြစ်ပြီး လက်ခံပြီး ပါက လှဖိုးခေါင်လက်ခံရေးစခန်းကို ပို့ဆောင်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းလှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းမှတဆင့် မိမိနေခဲ့သည့် အနီးစပ်ဆုံးနေရာတွင် အိမ်ဆောက်ပေးပြီး နိုင်ငံသားအဖြစ် မှတ်ပုံတင်ထုတ်ပေးမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း သိရသည်။

“ကျနော်တို့ကို မိမိအရင်နေခဲ့တဲ့ရွာနဲ့ အနီးစပ်ဆုံးနေရာမှာ အိမ်ဆောက်ပြီးတော့ ထားမယ်ဆိုပြီးတော့ ပြော တယ်။ နောက်ပြီးတော့ နိုင်ငံသားဖြစ်ခွင့် မှတ်ပုံတင်ထုတ်ပေးဖို့ပြောခဲ့တယ်” ဟု ကိုမူဟာမတ် စောယောဒ်က ပြောသည်။

ယင်းတွေ့ဆုံမှုတွင် ဒုက္ခသည်များက မိမိနေခဲ့သည့်နေရာကို ပြန်လိုချင်ကြောင်းနှင့် နိုင်ငံသားဖြစ်ခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း ဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော (NLD) အစိုးရ လက်ထက်ကလည်း အဆိုပါမွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အိမ်ပြန်ဖို့ဝေးနေဆဲ

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က မွတ်ဆလင်များကို သတ်ဖြတ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့သည်။

ထိုသို့ တရားရင်ဆိုင်နေရသောကြောင့် မြန်မာနိုင်ငံက ဂမ်ဘီယာနိုင်ငံက တင်ပြထားသည့် မွတ်ဆလင်များကို မြန် မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်ကျူးလွန်ခဲ့ကြောင်း စွဲချက်နဲ့ပတ်သက်ပြီး လက်ခံမကြားနာရန် ICJ အပြည်ပြည် ဆိုင်ရာတရားရုံးသို့ ကန့်ကွက်ချက် ၄ ချက် တင်ပြခဲ့သည်။

အဆိုပါကန့်ကွက်ချက် ၄ ချက်စလုံးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်နေ့က ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ပယ် ချလိုက်ခဲ့သည်။ ဂမ်ဘီယာနိုင်ငံအနေဖြင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)ကို ကိုယ်စားပြုပြီး စွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းဆိုသည့် မြန်မာကန့်ကွက်ချက်ဖြင့် မြန်မာနိုင်ငံနှင့် ဂမ်ဘီယာအကြား မွတ်ဆလင် အရေး နဲ့ပတ်သက်ပြီး အငြင်းပွားမှု မရှိကြောင်း မြန်မာဖက်ကပြောဆိုချက်ကို ICJ တရားသူကြီး ၁၆ ဦးစလုံးက ပယ် ရှားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ICJ က ပယ်ရှားလိုက်မှုအပေါ် စစ်ကောင်စီဘက်က ဥပဒေကြောင်းအရ ဆက်လက် ခုခံချေပသွားမည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီမှာ နိုင်ငံတကာဆက်ဆံရေး ပုံရိပ်ကျဆင်းနေမှုကို ကိုယ့်ကျိုးအတွက် ပြန် လည် အသုံးချရန် မွတ်ဆလင်များကို ပြန်လည်လက်ခံရန်ကြိုးပမ်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

“စစ်ကောင်စီက ဒီလိုအကျပ်အတည်းဖြစ်နေတဲ့ကာလမှာ နိုင်ငံတကာ ပုံရိပ်ကျနေတဲ့ ဒီကိစ္စကို အကောင်းဆုံး ဖြေရှင်းဖို့၊ ပြန်လည်လက်ခံဖို့ဆိုတဲ့ ကိစ္စတွေဟာ ပြန်ပြီးတော့ ပြောလာတာဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စက နိုင်ငံ တကာဖိအားကြောင့်တော့ မဟုတ်ဘူး။ နိုင်ငံတကာက လိုလားနေတဲ့ကိစ္စတစ်ခုကို စစ်ကောင်စီအနေနဲ့ ပြန်ပြီး တော့ ကိုယ့်အကျိုးအတွက် အသုံးချဖို့လုပ်နေတယ်လို့ပဲမြင်တယ်”ဟု နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်း က သုံးသပ်ပြောဆိုသည်။

မည်သိုပင်ဆိုစေကာမူ စစ်ကောင်စီက ပြန်လည်လက်ခံရေးကိစ္စ ရုတ်ရုတ်သဲသဲ စီစဉ်နေသော်လည်း အဆိုပါ ဒုက္ခသည်များမှာ သူတို့လိုအပ်သည့် အသက်အာမခံ၊ ယခင်နေခဲ့သည့် မိမိနေရပ်၊ နိုင်ငံသားဖြစ်ခွင့် မပေးပဲ ပြန် လည် လက်ခံရေးကိစ္စ မဖြစ်လာနိုင်ပေ။

“သူတို့(စစ်ကောင်စီ)က ပြန်ခေါ်မယ်၊ အမြဲတမ်း တံခါးဖွင့်ထားတယ်ဆိုပြီးတော့ ဟန်ပြလုပ်နေလို့ မရဘူး။ သူတို့ ခေါ်မယ်ဆိုတာကို ကျနော်တို့ အယုံအကြည်မရှိဘူး” ဟု ကိုမူဟာမတ် စောယောဒ် တစ်ယောက် စိတ်ပျက်လက် ပျက် ပြောနေလေသည်။

စစ်ကောင်စီအနေဖြင့် ဘင်္ဂလားဒေ့ရှ်မှ မွတ်ဆလင်ဒုက္ခသည်များကို ပြန်ခေါ်မည်ဆိုပါက ရခိုင်အရေးအခင်း ဖြစ်သည့်အတွက် ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ဆွေးနွေးသင့်ကြောင်း နိုင်ငံရေးသမားများက သုံးသပ်ကြ သည်။

“ဒီကိစ္စဟာ ရခိုင်အရေးကိစ္စဖြစ်တယ်။ ရခိုင်မှာ အခုက ရက္ခိုင့်တပ်တော် (ULA/AA) နယ်မြေစိုးမိုးမှုတွေ အများကြီးရှိတယ်။ ပြည်သူလူထု ထောက်ခံမှုတွေလည်း ရထားတာဆိုတော့ ULA/AA ရဲ့ သဘောထားတွေကို ရယူပြီးမှ မွတ်ဆလင် ပြန်လည်လက်ခံရေးကိစ္စတွေ ဖြစ်လာမယ်လို့မြင်တယ်” ဟု နိုင်ငံရေးသမား ဦးအောင် သောင်းရွှေက သုံးသပ်ပြောဆိုသည်။

ကိုမူဟာမတ် စောယာဒ်တစ်ယောက် အိမ်ပြန်နိုင်ဖို့အရေး တွေးပူနေကာ နေရပ်ကိုရောက်ပါက “ကျနော် နေရပ် ကိုပြန်ရောက်ရင် ပထမဦးဆုံး ကိုယ့်ဒေသကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်တယ်” ဟု ပြောသည်။

ဝင်းညွန့် - ရေးသည်။

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...