ဝှီးချဲပေါ်က အဟောင်းတွေပြင်တဲ့ လက်တစ်စုံ

ဝှီးချဲပေါ်က အဟောင်းတွေပြင်တဲ့ လက်တစ်စုံ

မိုးပေါက် — မြို့ပေါ် ရပ်ကွက်တလျောက် မရောက်ဖူးတဲ့နေရာ မရှိလောက်အောင် ဝှီးချဲလေးတစ်စီးနဲ့ နေ့စဉ် လှည့်ပတ်၊ သွားလာနေသူ တစ်ယောက်ကတော့ အသက် ၂၁ နှစ်အရွယ် မောင်လူဖြူချေပဲ ဖြစ်ပါတယ်။

သူဟာ ခြေထောက်နှစ်ဖက်စလုံး မွေးရာပါ လှုပ်ရှားလို့ မရသလို စကားလည်း ပီပီသသ မပြောနိုင်တဲ့ မသန်စွမ်း သူ တစ်ဦးဖြစ်ပါတယ်။

ဝှီးချဲလေးတစ်စီးနဲ့ နေ့စဉ်လှည့်လည် သွားလာနေတာကတော့ သူရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အတွက် ဝင်ငွေရှာဖွေနေတာပါ။

သူဟာ ပျက်စီးနေတဲ့ မီးသီး၊ မီးချောင်းတွေနဲ့ လျှပ်စစ်ထမင်းပေါင်းအိုး၊ လျှပ်စစ် ရေနွေးအိုးစတဲ့ ဝါယာရိန်း ပစ္စည်းတွေကို ပြုပြင်ပေးသူတစ်ဦးဖြစ်ပြီး ပစ္စည်းအပျက်တွေ ပစ္စည်းအပျက်တွေရှိတဲ့ နေရာတွေကိုလည်း  အိမ်တိုင်ရာရောက် သွားရောက်ပြုပြင်ပေးပါတယ်။

“ဆိုင်ခန်းရဖို့ ငွေလိုတယ်၊ ပြီးရင် သွားလုပ်တာက အမြတ် မရဘူး။ အရင်းရှုံးတယ်။ အမြန် ရောက်ဖို့ဆိုရင် ဘေး တွဲ( ဆိုင်ကယ်) ငှားပြီးသွားရတော့ ကိုယ့်မှာ စားရကိန်းမရှိတော့ဘူး။ အဲကြောင့် ခွေးခြေခုံနဲ့ သွားရတယ်။ အခု မြင်းလှည်း (ဝှီးချဲ) တစ်စီးရလာမှ မြင်းလှည်းနဲ့ သွားလာနိုင်တယ်” လို့ သူက ပြောပါတယ်။

မသန်စွမ်းတစ်ယောက်အနေနဲ့ ဖောက်သည်တွေက ဖုန်းဆက်ခေါ်ရာ အရပ်တွေဆီကို သွားရောက်ကာ ပစ္စည်း တွေ ပြုပြင်ပေးတဲ့အပိုင်းမှာ ပင်ပန်းခက်ခဲမှု တချို့ရှိပေမယ့် သူ့ရဲ့ရည်မှန်းချက်တွေ ပြည့်စုံဖို့ ဇွဲမလျော့ပဲ ကြိုး စားနေပါတယ်။

မောင်လူဖြူချေမှာ အလုပ်ကရရှိတဲ့ငွေတွေနဲ့ တစ်နေ့နေ့ ကိုယ်ပိုင်လျှပ်စစ်ပစ္စည်းပြုပြင်/ ရောင်းဝယ်ရေး ဆိုင်လေး တစ်ဆိုင် ဖွင့်လှစ်နိုင်ဖို့ ဘဝရည်မှန်းချက် တစ်ခုရှိနေပါတယ်။

လက်ရှိ သူဟာ အသက် (၆၀) ကျော်အရွယ် အဖွားဖြစ်သူ၊ အသက် (၂၆) နှစ်အရွယ် အစ်မဖြစ်သူတို့နဲ့အတူ ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်က နေအိမ်အောက်ထပ် တစ်ခုမှာ အိမ်ငှားနေထိုင်နေတာပါ။

အိမ်ငှားလစာကို အိမ်ပိုင်ရှင်ဖြစ်သူက နားလည်မှုနဲ့ အဆင်ပြေသလို သတ်မှတ်ထားပေမယ့် လက်ရှိ ခေါင်ခိုက် အောင် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေကြားမှာတော့ လက်လုပ်လက်စားဖြစ်တဲ့ သူတို့မြေးအဖွား အတွက် အများသူငါလိုပဲ ခက်ခဲမှုတွေကို ရင်ဆိုင်နေကြရပါတယ်။

တကယ်တော့ မောင်လူချေရဲ့ ဇာတိချက်ကြွေဟာ ကျောက်ဖြူမြို့နယ်၊ ကပိုင်ချောင်းဆိုတဲ့ ကျွေးရွာကဖြစ်ပါ တယ်။ သူ့ရဲ့ မိဘနှစ်ဦးကတော့ သူ့ကို မွေးဖွားပြီး သိပ်မကြာခင်မှာဘဲ ကွာရှင်းခဲ့ကြတာကြောင့် ငါးနှစ်သား အရွယ်မှာပဲ အဖွားကခေါ်ယူပြီး ကျောက်ဖြူမြို့ကို ပြောင်းရွှေ့လာခဲ့ကြတာပါ။  

လက်ရှိ အဖွားဖြစ်သူနဲ့ အစ်မဖြစ်သူကတော့ မုန့်တီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းက ရုန်းကန်နေကြပါတယ်။

မောင်လူချေရဲ့ မိခင်ကတော့ တခါတေလ အဝေးကနေ ငွေကြေးတချို့ ထောက်ပံ့တာတွေရှိပေမယ့် ဖခင်ဖြစ်သူနဲ့ ကတော့ အဆက်အသွယ် မရှိကြပါဘူး။

သူဟာ မသန်စွမ်းဆိုတဲ့ အကြောင်းပြချက်အောက်မှာ ကျောင်းနေခွင့်လည်း ဆုံးရှုံးခဲ့ရလို စာပေသင်ကြားခွင့်နဲ့ ကင်းဝေးခဲ့ရပါတယ်။ ဒါပေမယ့် လျှပ်စစ်ပြုပြင်တာတွေကိုတော့ ငယ်စဉ်ကတည်းက ဝါသနာပါလာခဲ့ပါတယ်။

ခေတ်ကာလပြောင်းလဲတိုးတက်လာမှုနဲ့အတူ မိုဘိုင်းဖုန်းသုံးစွဲမှုတွေ တွင်ကျယ်လာတဲ့နောက်မှာ သူ့ရဲ့ဝါသနာကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတွေရရှိခဲ့ပါတယ်။

“ဖုန်းနဲ့ကြည့်ပြီးသင်တယ်။ ဆရာနဲ့တော့ တစ်ခေါက် သင်ခဲ့တယ်၊ ဆရာနဲ့ မကိုက်တော့ မလုပ်ခဲ့တော့ဘူး။ ကိုယ့် ဟာကို ဖုန်းနဲ့ပဲ လေ့လာတယ်။ အမျိုးစုံကို လေ့လာတယ်။”

ဒါပေမယ့် လေ့လာသင်ယူမှုတွေကို လက်တွေ့ကျကျ လုပ်ဆောင်ဖို့ ပစ္စည်းကိရိယာတွေ မဝယ်နိုင်တာကြောင့် တစ်ခါတလေ ရေနွေးအိုးတစ်လုံးတည်းနဲ့ပဲ အချိန်ကုန်တဲ့နေ့ရက်တွေ ရှိခဲ့ပါတယ်။

သူပြုပြင်ပေးလိုက်တဲ့ ရေနွေးအိုးတစ်လုံးရဲ့ လုပ်အားခငွေမှာလည်း ငွေကျပ် ၁,၅၀၀ လောက်ပဲရှိတာမို့ စိတ်ပျက် အားငယ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မောင်လူချေက ဖွင့်ဟပါတယ်။

ဒါပေမယ့် ပစ္စည်းအဟောင်းတွေကို ပြန်လည်ပြုပြင်အသုံးပြုတာက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာရောက် သလို ပညာရပ်တွေအတွက်လည်း အထောက်အကူပြုတာကြောင့် ဒီစိန်ခေါ်မှုတွေကြားကပဲ ဘဝတိုးတက်မှု လမ်းစဖြစ်လာခဲ့ပါတယ်။

မောင်လူချေဟာ ၂၀၂၀ ခုနှစ် မတိုင်ခင်ထိ ပုလင်းခွံ၊ ဗူးခွံတွေကို မြို့အနှံ့မှာပတ်ကောက်ပြီး အသုံးစရိတ်ကို ရှာဖွေခဲ့သလို အဝတ်လျှော် ဆပ်ပြာဆီတွေကိုလည်း လုပ်ရောင်းခဲ့ပါသေးတယ်။

အဲဒီအချိန်တုန်းကတော့ အခုလို ဝှီးချဲလေးနဲ့မဟုတ်ဘဲ မသန်စွမ်းသူတွေ သွားလာဖို့ ထုတ်လုပ်ထားတဲ့ ကိရိယာ တစ်ခုနဲ့ မြို့အနှံ့ကို ခက်ခက်ခဲခဲ လျှောက်သွားနေခဲ့ရတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ နှစ်မှာတော့ ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျနေတဲ့ ဆရာဝန်တစ်ဦးဟာ သူသွားရ လာရလွယ်ကူပါစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိ အသုံးပြုနေတဲ့ ဝှီချဲကလေးကို လှူတန်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီအချိန်ကစလို့ ကိုမောင်လူဖြူချတစ်ယောက် အရင်လုပ်ခဲ့တဲ့ အလုပ်တွေကို စွန့်လွှတ်ပြီး ဝါသနာပါတဲ့ လျှပ် စစ်ပစ္စည်း ပြုပြင်သူအဖြစ် ရွေးချယ်လုပ်ကိုင်လာခဲ့သလို သူ့အတွက် ကူညီဖော်ရတဲ့ ဖောက်သည် အများ အပြားကို ရရှိခဲ့ပါတယ်။

“ကိုယ့်ဆိုင်လေးနဲ့ပေါ့၊ သားမယား ရရင်လည်း ရပေါ့။ အေးချမ်းချမ်းလေး လုပ်စားနေတာကို မြင်ချင်တယ်။ ကိုယ့်သဘောနဲ့ကိုယ် အေးချမ်းပြီးတော့ ထမင်းတစ်နပ်ကို မတောင့်တ မကြောင့်ကြပဲနဲ့ လုပ်စားနေတာကို မြင်ချင်တယ်” လို့ သူ့ဖောက်သည် တစ်ယောက်က  ပြောပါတယ်။

အလုပ်အပ်သူတွေက အားပေးကူညီတဲ့ ပြောဆိုမှုတွေဟာ သူ့အတွက် ကြီးမားတဲ့ ခွန်အားတွေ ဖြစ်စေသလို  တစ်ခါတစ်တစ်လေ ရည်မှန်းချက်ကို နှောက်ယှက်၊ ဖျက်ဆီးခံနေရတဲ့ အကြောင်းအရာတွေလည်း တပြုံတခဲ ရှိလို့နေပါတယ်။

မောင်လူချေဟာ မွေးရာပါအာရုံကြော အားနည်းတဲ့ ရောဂါရှိပြီး မကြာခဏ ဆေးကုသမှုကို ခံယူနေရသလို တစ်ခါတလေ ရောဂါအခြေအနေ ပြင်းထန်တာကြောင့် ရည်မှန်းချက်တွေဟာ ဝေဒနာတွေကြားမှာ နှောက်ယှက် ဖျက်ဆီးတစ်ခုလို ခံစားနေရပါတယ်။

ရောဂါ သက်သာဖို့ သောက်ဆေးတွေကို နေ့စဉ်မီဝှဲနေရပြီး ဒီသောက်ဆေးတွေရဲ့ ကုန်ကျငွေတွေဟာ တစ်လကို သုံးသောင်း ခန့် ရှိသလို တစ်ခါတစ်လေ ဆေးကုသခ စရိတ်ဟာလည်း ငွေကုန်ကြေးကျ များပြားလှတာမို့ သူစု ထားတဲ့ ငွေတွေဟာ ဆေးဖိုးဝါးကခနဲ့တင် မဖူလုံတဲ့ အခြေအနေတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

အရင်က ရခိုင်ဒေသမှာ မသန်စွမ်းသူတွေကို ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေ ရှိခဲ့ကြပေမယ့် လက်ရှိမှာ တော့ မတည်ငြိမ်တဲ့ နိုင်ငံရေးဂယက်တွေကြောင့် ဒီအဖွဲ့အစည်းတွေဟာလည်း ပျောက်ကွယ်၊ အားနည်းသွား ခဲ့ပြီမို့ မသန်စွမ်းသူတွေအတွက် ပိုပြီးဆိုးရွားတဲ့ ခြေအနေတွေကို ရင်ဆိုင်နေကြရတာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သံခေါင်းစာရင်းအရ ရခိုင်ဒေသမှာ မသန်စွမ်းသူ ၅ သိန်းရှိတယ်လို့ သိရပြီး လူဦး ရေ ၃ သန်းကျော်သာရှိတဲ့ ရခိုင်ပြည်အတွက် ဒီအရေအတွက်ဟာ ၁၇ ရာခိုင်နှုန်းအထိ ရှိနေတာလည်း ဖြစ်ပါ တယ်။

ဒါပေမယ့်လည်း ဒီမသန်းစွမ်းသူတွေထဲက ၇၈ ရာခိုင်နှုန်းလောက်ဟာ အစိုးရဆီကဖြစ်စေ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေဆီကဖြစ်စေ ဘာအကူညီမှ ရဖူးတာတွေမရှိဘူးလို့ အဲဒီသံခေါင်စာရင်းမှာ ဖော်ပြထားသလို လက်ရှိ မှာ ဆိုရင်တော့ အဲဒီတုန်းကထက် ဆိုးရွားတဲ့ အခြေအနေ ကာလကို မသန်စွမ်းသူတွေ ရင်ဆိုင်နေကြရတာပါ။

ဒီလို အထောက်အပံ့တွေ ကင်းမဲ့နေရတဲ့အထဲမှာ မောင်လူဖြူချေတစ်ယောက် ပါဝင်သလို မိဘတွေနဲ့ပါ ခွဲခွာနေ ရတဲ့ သူ့မှာ ရောဂါအခံပါ ထပ်ရှိနေတာကြောင့် အဖွားဖြစ်သူတစ်ယောက်ကတော့ သူ့အနာဂတ်အတွက် ရတတ် မအေး ဖြစ်နေရပါတယ်။

“ကိုယ့်မှာလည်း ပိုက်ဆံက မလုံလောက်နိုင်၊ စားဖို့အတွက်လောက်ပဲ ရတယ်လေ။ တစ်ရက် တစ်ရက်ကို စားဝတ်နေရေးအတွက်ပဲ လုပ်နေရတော့ သူ့အတွက် သူ့ကို ကူညီနိုင်မယ့် အခြေအနေမရှိဘူး” လို့ အဖွားဖြစ်သူ က ပြောပါတယ်။

အဖွားဖြစ်သူဟာ သူ့အတွက် ဆိုင်ခန်းလေးတစ်ခန်း ဖြစ်မြောက်စေချင်ပေမယ့်လည်း စားဝတ်နေရေး အတွက် ကိုတောင် မနည်းရုန်းကန်နေရသလို မောင်လူဖြူချေရဲ့ ဝင်ငွေဆိုတာကလည်း လက်ရှိမှာ ဆေးဖို့ဝါးခနဲ့တောင် မဖူလုံနိုင်တဲ့ အခြေအနေတွေကို ကြုံတွေ့နေရတာပါ။

သူနေထိုင်တဲ့ ပတ်ဝန်းကျင်က လူတွေကတော့ သူ့အတွက် တတ်နိုင်တဲ့ ကူညီထောက်ပံ့မှုတွေကို ပေးချင်ကြ သလို တစ်နေ့နေ့မှာ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အောင်မြင်နေတဲ့ လူတစ်ယောက်အဖြစ် သူ့ကို မြင်တွေ့ချင်နေတဲ့ ဆန္ဒလေးတွေ ရှိနေကြတာမို့ ဒါကတော့ သူ့အတွက် အားသာချက်တစ်ခုအဖြစ် ရှိလို့နေပါတယ်။

“သူက ကြိုးစားချင်တဲ့ လူငယ်တစ်ယောက်ဆိုတော့လည်း သူ့ကို မြေတောင်မြှောက်ပေးနိုင်ရင်တော့ ပိုပြီး ကောင်းမယ်ဆိုပြီး စိတ်ထဲမှာ ခံစားမိတယ်။ သူဖြစ်ချင်တာလေးတွေကိုပေါ့။ သူက ဖြစ်ချင်တယ်၊ လုပ်ချင်တယ်၊ သူက လျှပ်စစ်ပစ္စည်းလေးတွေ လုပ်ဖို့ ဝါသနာကိုပါတယ်” လို့ သူတို့ရဲ့ အိမ်ပိုင်ရှင်က ပြောပါတယ်။

သူ့ဟာ ရုပ်ပိုင်းဆိုင်ရာအရ မသန်စွမ်းသူတစ်ယောက်လို့ ပြောနိုင်ပေမယ့် လူတွေကို ကူညီဖို့အတွက်ဆိုရင် သူ့ရဲ့ စိတ်နဲ့ စရိုက်ဟာ အမြဲတမ်း ပေါ့ပါးနေတတ်တာမို့ လူတွေရဲ့ ချစ်ခင်လေးစားမှုတွေကို ရယူထားနိုင်သူ တစ်ယောက်အဖြစ် ထင်ရှားမှုတစ်ခု ရှိနေတာလည်း ဖြစ်ပါတယ်။

သူကတော့ သူ့ရဲ့ရည်မှန်းချက် အောင်မြင်လို့ ထင်ရှားသူတစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် ဘိုးဘွားရိပ်သာတွေကို လှူတန်းမှုတွေလုပ်သွားမှာဖြစ်သလို မိသားစုဘ၀ကို ထူထောင်ချင်တဲ့ ဆန္ဒတွေလည်းရှိတယ်လို့ ဆိုပါတယ်။

“ကိုယ့်မှာ ပိုက်ဆံရှိရင် ဘိုးဘွားရိပ်သာအတွက် ပေးမယ်။ အိုလာရင်လည်း ဘိုးဘွားရိပ်သာကိုပဲ သွားမယ်။ ဒါမှမဟုတ် မိန်းမယူမယ်။ အဲလိုမျိုး ရှိပါတယ်” လို့ သူက ပြောပါတယ်။

မသန်စွမ်းသူတစ်ယာက်၊ မိဘ အထောက်အပံ့ မရှိသူတစ်ယောက်၊ အတန်းပညာ မသင်ခဲ့ရသူတစ်ယာက် ဆိုတဲ့ ခက်ခဲကြမ်းတမ်းမှုတွေကြားကတောင် လျှပ်စစ်ပစ္စည်း ပြုပြင်နည်း ပညာရပ်တစ်ခုကို တက်မြောက်ထားတဲ့ သူ့အတွက် ဒီလိုဆန္ဒရှိတာဟာ အံ့ဩစရာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း ခက်ခဲ၊ကျပ်တည်းမှု မျိုးစုံနဲ့ ရုန်းနေကန်နေကြရတဲ့ ဒီခေတ်စနစ်ကြားမှာ တစ်စုံတစ်ယောက်ရဲ့ ကူညီထောက်ပံ့မှုမပါဘဲ မသန်စွမ်းသူတစ်ယောက်ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်နိုင်ဖို့ဆိုတာဟာ သိပ်မလွယ် ကူလွန်းတာကြောင့် သူ့ရဲ့ ကြိုးစားမှုနဲ့ ကံတရားရလဒ်ဟာ ဘယ်လိုရှိမယ်ဆိုတာကိုတော့ ဆက်လက် စောင့်မျှော် ကြည့်ရုံပဲ ရှိပါတော့တယ်။

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...