ရခိုင်က ကြိုးကြာခေါင်းနီငှက်များမှာ မျိုးသုဉ်းမည့်အရေးနှင့် ရင်ဆိုင်နေရသည့်အတွက် ထိန်သိမ်းစောင့်ရှောက် ရန် လိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများအရေး လှုပ်ရှားနေသူများကပြောသည်။
ထိုငှက်များကို ရခိုင်ပြည် မြောက်ဦးမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် တွေ့ရလေ့ရှိပြီး တခြားမြို့နယ်များ တွင်လည်း ရှိနိုင်ကြောင်း ရခိုင်ပြည်နယ် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရ သည်။
“သူတို့က အကောင် အရေအတွက်ကလည်း များများစားစား မရှိဘူး။ မြောက်ဦးကို သင်္ဘောတွေ၊ ဘုတ်တွေနဲ့ သွားရင် လမ်းမှာ တခါတလေ ၄ ကောင်ကနေ ၆ ကောင်လောက်ပဲ တွေ့ရတယ်။ သူတို့ အဓိက ကျက်စားတာက တော့ မြောက်ဦးမြို့ကို မရောက်ခင် သံသရာရွာနားမှာပါ” ဟု ရခိုင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ကိုရန်နောင်စိုးက ပြောသည်။
အဆိုပါငှက်များမှာ မိုးတွင်းကာလ သားပေါက်ရန်အတွက် စပါးခင်း၊ လယ်ကွင်းပြင်များတွင် အသိုက်လုပ်ကာ ဥချသည့်ကာလဖြစ်ပြီး ဥ ဥပြီး ရက်ပေါင်း ၃၀ (အချိန်တစ်လနီးနီး) ကြာမြင့်သည်။
“ကြိုးကြာနဲ့ပတ်သက်ပြီး ထိန်းသိမ်းမှုတွေ လုပ်ချင်ခဲ့တာကြာပါပြီ။ ဒါပေမယ့် စီမံကိန်းမရှိတဲ့အခါ လုပ်ဖို့အတွက် လက်လှမ်းမမီဘူး ဖြစ်နေတယ်။ သူတို့(ကြိုးကြာခေါင်းနီ) နေထိုင်ကျက်စားရာ ဒေသတွေကိုသွားပြီး လေ့လာ ရမယ်။ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ အသိပညာပေးဟောပြောပွဲတွေ လုပ်ရမယ်” ဟု ကိုရန်နောင်စိုးက ပြောသည်။
ကြိုးကြာခေါင်းနီငှက်များ မျိုးသုဉ်းမည့် အခြေအနေ ရောက်ရှိရခြင်းမှာ ၎င်းတို့နေရင်းဒေသများ ပျောက်ကွယ် လာခြင်း၊ စိုက်ပျိုးရေးတွင် ပိုးသတ်ဆေးများအသုံးပြုခြင်း၊ ကြိုးကြာအသိုက်များမှ ဥများကို ယူဆောင်ခြင်းနှင့် အသိုက်များအား ဖျက်ဆီးခံရခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။
မြောက်ဦးမြို့နယ် သံသာရာကျေးရွာသားတစ်ဦးက “ကြိုးကြာတွေကတော့ ဒီနားမှာ ရှိပါတယ်။ အနီးအနားကို ကပ်လို့မရဘူး။ ဒီအချိန်ဆိုရင် လယ်ကွင်းတွေမှာ ဥ ဥကြတာ။ ဒီကောင်တွေရဲ့ အသေးစိတ် အချက်အလက်တွေ ကိုတော့ ကျနော်တို့ ပြောရခက်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကြိုးကြာခေါင်းနီ၊ ကြိုးကြာခေါင်းမည်း (ဆောင်းခိုငှက်)နှင့် ကညာကြိုးကြာ စသည့် ကြိုးကြာ ငှက်မျိုးစိတ် ၃ မျိုးရှိကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲမှ သိရသည်။
သို့သော် ရခိုင်ပြည်တွင် ကြိုးကြာခေါင်းနီ ငှက်မျိုးစိတ်များနှင့်ပတ်သက်၍ မည့်သည့်အဖွဲ့အစည်းကမှ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှု မရှိသည့်အတွက် အကောင်အရေအတွက်နှင့် ၎င်းတို့ကျက်စားရာ ဒေသများကို တိတိ ကျကျ မသိရှိနိုင်သေးပေ။
ကြိုးကြာခေါင်းနီများကို အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ မျိုးသုဉ်မည့်အန္တရာယ် စာရင်းတွင် အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားသည်။
ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနကလည်း ရခိုင်ပြည်တွင် ကြိုးကြာခေါင်းနီများ အရေအတွက် မည်မျှရှိသည်ကို အသေးစိတ်မသိရကြောင်းနှင့် ကာကွယ်ထိန်းသိမ်းရန် သားငှက်ဌာနဖွင့်လှစ်ရမည်ဟု ပြောသည်။
“သူတို့(ကြိုးကြာနီ)ကတော့ နေရာဒေသအနေနဲ့ ပြောဖို့ရာတော့ နည်းနည်းခက်ခဲပါတယ်။ ကျနော်တို့ ပြည်နယ်မှာ တော့ ဒါတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေ မရှိဘူး။ သားငှက်ဌာနက လောလောဆယ် မရှိသေး။ သားငှက် ဌာနရှိရင်တော့ တစိုက်မက်မက် လုပ်နိုင်တာပေါ့။ သားငှက်ဌာနဖွင့်မယ့် သဘောတော့ရှိတယ်” ဟု ရခိုင်ပြည်နယ် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းလှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ကြိုးကြာခေါင်းနီများကို ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်တို့တွင် အများဆုံးတွေ့ရပြီး ပဲခူးတိုင်း၊ ရှမ်း ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အနည်းငယ်တွေ့ရသည်။