စစ်ကြောင်းထိုးလာလို့ ခလယ်-တံခွန်တိုင် ဒေသခံများ ထပ်မံထွက်ပြေးရ

စစ်ကြောင်းထိုးလာလို့ ခလယ်-တံခွန်တိုင် ဒေသခံများ ထပ်မံထွက်ပြေးရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုရှိ မြို့ဟောင်းကျေးရွာဘက်  စစ် ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထပ်မံ ထွက်ပြေး တိမ်း ရှောင်နေကြရသည်။

စစ်ကောင်စီ စစ်ကြောင်းသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တောင်ညိုတောင်တန်းဘက်မှ ကျိုက်မရောမြို့နယ် တောင်ကလေး၊ ကနာလုံရွာဘက်မှတစ်ဆင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု မြို့ ဟောင်းကျေးရွာဘက်သို့ စက်တင်ဘာ ၁၂ ရက်နေ့ ညက စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်ဟု ဒေသခံများ က ပြောသည်။

အဆိုပါ စစ်ကြောင်းသည် မြို့ဟောင်းကျေးရွာအတွင်း တပ်စွဲထားသည့်အတွက် မြို့ဟောင်းကျေးရွာနှင့် အနီး အနားရှိ ခလယ်၊ ခလယ်ရွာလေး စသည့်ကျေးရွာတို့မှ ဒေသခံများ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့် အတွက် စက်တင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ ထွက်ပြေးတိမ်းရှောင်ကြကြောင်း ခလယ်-တံခွန်တိုင်အုပ်စုရှိ ဒေသခံတစ်ဦးက ဆိုသည်။

“မြို့ဟောင်းရွာက လူတွေကတော့ မနေ့ (စက်တင်ဘာ ၁၃ ရက်) ကတည်းက တိမ်းရှောင်နေကြတယ်။ အနီးနား က ရွာ ၃ ရွာကလည်း တိမ်းရှောင်နေကြတယ်။ ဒီနေ့ (စက်တင်ဘာ ၁၄) မနက်တုန်းကတော့ ပစ်ခတ်သံတွေ ကြားရတယ်။ လေယာဥ်တွေလည်း ဝဲနေတာရှိတယ်။ သူတို့ (စစ်တပ်) ရှိနေတော့။ တစ်ရွာနဲ့တစ်ရွာလည်း သွားလာလို့ မရတော့ဘူး။ မသွားရဲကြတော့ဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာစဥ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်လည်းရှိခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု ပြောသည်။

ထို့အပြင် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုတွင် အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်မှာ နှစ်လကျော်ရှိနေပြီ ဖြစ်သည့်အတွက် အခြေအနေကို သိရှိရန် တစ်ရွာနှင့်တစ်ရွာ ဆက်သွယ်၍လည်း မရဖြစ်နေ သည်ဟု ဒေသခံများက ပြောသည်။

“(စစ်ကြောင်း) မြို့ဟောင်းရွာကို ဝင်နေတာက ၂ ရက်လောက်ရှိနေပြီး။ တပ်စွဲထားတာ။ ဖုန်းလိုင်း၊ အင်တာနက် လိုင်း ဖြတ်တောက်ခံထားရတော့ တိမ်းရှောင်ဖို့က အခု တစ်ရွာနဲ့ တစ်ရွာ ဆက်သွယ်လို့လည်းမရ။ သွားလာ လို့လည်း မရဖြစ်နေတယ်” ဟု နောင်ဒေ့ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံအများစုကတော့ မုဒုံမြို့နယ်ဘက်သို့ တိမ်းရှောင်နေကြပြီး အချို့ နီးစပ်သည့်‌ကျေးရွာတို့တွင် တိမ်း‌ရှောင် နေကြသည်လည်း ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာခရိုင် တပ်မဟာ (၆) နယ်မြေထဲရှိ ခလယ်-တံခွန်တိုင်ကျေးရွာ အုပ်စုတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့သည့် အပြင် စစ်ကောင်စီတပ်မှ အရပ်သားများအား ဖမ်းဆီးတာ၊ သတ်ဖြတ်ခံရတာတွေလည်း ရှိနေကြောင်း၊ တိုက်ပွဲကြောင့် ထောင်နှင့်ချီသည့်ဒေသခံများ မကြာခဏ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

ခလယ်တံခွန်တိုင်‌ဘက်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသတွင်းရှိ နောင်ဒေ့၊ ပုလိန်၊ ခလယ်၊ တံခွန်တိုင် အစရှိ သည့် ‌ကျေးရွာတို့မှ ဒေသခံများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

Most read this week

October 25, 2024
မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့်...
October 24, 2024
တိုက်ပွဲများပြင်းထန်နေသော တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လမ်း ကြောင်း...
October 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လက်ပြင်တွင်...
October 23, 2024
မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို...