စစ်တပ်ကဖမ်းဆီးပြီး ပြန်လွတ်လာသူအချို့ စိတ်ပိုင်းဆိုင်ရာ ခံစားနေရဟုဆို

စစ်တပ်ကဖမ်းဆီးပြီး ပြန်လွတ်လာသူအချို့ စိတ်ပိုင်းဆိုင်ရာ ခံစားနေရဟုဆို

စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပြန်လည်လွတ်မြောက်လာသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက ဒေသခံ အရပ်သားအချို့ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုများရှိနေပြီး ဆေးကုသမှုခံယူနေရကြောင်း နီးစပ်သူများက ပြောသည်။

ရေးမြို့နယ်၊ မော့ကနင်အခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၈၈) တပ်ရင်းမှ ဒေသခံအရပ်သား ပြည်သူများကို မတရားဖမ်းဆီးပြီး ပြန်လွှတ်ပေးရန်အတွက်လည်း ငွေကြေး အဆမတန်တောင်းခံမှုများ ရှိနေသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများအနက် ငွေပေးနိုင်သူတို့က ညှင်းပန်းနှိပ်စက်ခံရမှု မရှိသော်လည်း ငွေမပေးနိုင်သူ အချို့တို့က ညှင်းပန်းနှိပ်စက်ခံရပြီးမှ ပြန်လွတ်လာကြောင်း အချို့ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ ခံစားရနေရပြီး ဆေးကုသမှု ခံယူ နေရသည်ဟု ပြန်လွတ်လာသူတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“သူတို့ (စစ်ကောင်စီတပ်) ဖမ်းသွားတဲ့အချိန်မှာ ရိုက်နှက်ခဲ့တာတွေကြောင့် အခု ပြန်လွတ်လာတဲ့ တစ်ယောက် ကဆို ပုံမှန်မဖြစ်နေတော့ဘူး။ အခုဆို သူ့ကို အပြင်က ဆရာဝန်တွေခေါ်ပြီး ဓာတ်မှန်ရိုက်တာတို့၊ ဘာတို့၊ လုပ် နေရတယ်။ ကုန်နေတာကလည်း မနည်းဘူး။ ညပိုင်းဆို သူက မအိပ်တော့ဘူး။ လျှောက်သွား လျှောက်လာ လုပ် နေတယ်။ သူ့စိတ်က ပုံမှန်မဟုတ်နေတော့ဘူး။ ဘယ်လို ရိုက်နှက်ခံထားရလဲတော့ မသိဘူး” ဟု ၎င်းက ပြော သည်။

ဖမ်းဆီးခံရသူ အများစုသည် ခြံလုပ်သားများ ဖြစ်ပြီး ပြန်လွှတ်ပေးရန်အတွက် တစ်ဦးလျှင် ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၄၀ အထိ ပေးဆောင်နေရကြောင်း အချို့ကိုလည်း လူသားဒိုင်အဖြစ် အသုံးပြုရန် ဖမ်းဆီးခံရမှုလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရပြီး ပြန်လွှတ်ပေးရန် ငွေပေးဆောင်နေရသည့် အတွက် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် နေသည်ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။

“တစ်ယောက် ၁၀ သိန်းဆိုပြီးတောင်းတယ်။ တချို့ သိန်း ၄၀ တောင်းတာလည်းရှိတယ်။ အဲ့လိုဆို မပေးနိုင်လို့ ညှိနှိုင်းလိုက်ရင် နည်းနည်းလျှော့ပေးတာပေါ့။ အများစုက ခြံမှာ အလုပ်လုပ်ရင်း အဖမ်းခံရတာများတယ်” ဟု ရေးမြို့ခံ တစ်ဦးက ပြောသည်။

ပြန်လွှတ်လာသူများ၏ ပြောဆိုချက်အရ ဖမ်းဆီးခံရပြီး ငွေပေးရသည့်ကိစ္စကို လူမှုကွန်ယက်စာမျက်နှာ (Facebook) တွင် မတင်ရန်နှင့် သတင်းမဖြန့်ရန် စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားကြောင်းလည်း ဆိုသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်များက အရပ်သား ဒေသခံများကို မတရား ဖမ်းဆီးပြီး ငွေညှစ်တောင်းခံနေသည့်အပြင် ပစ်ခတ်ဖမ်းဆီးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သည် ဟု စွပ်စွဲကာ ဖမ်းဆီးအမှုဖွင့်ခြင်းများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ အကြား စစ်ရေး ပြင်း ထန်လျက်ရှိသည်။

Most read this week

October 25, 2024
မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့်...
October 24, 2024
တိုက်ပွဲများပြင်းထန်နေသော တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လမ်း ကြောင်း...
October 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လက်ပြင်တွင်...
October 23, 2024
မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို...