ကော့ကရိတ်ကျေးနယ် အုပ်ချုပ်ရေးမှူးအများစု မြို့အုပ်ချုပ်ရေးဌာနနှင့် ဆက်ဆံမှုဖြတ်တောက်

ကော့ကရိတ်ကျေးနယ် အုပ်ချုပ်ရေးမှူးအများစု မြို့အုပ်ချုပ်ရေးဌာနနှင့် ဆက်ဆံမှုဖြတ်တောက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် စစ်ကောင်စီ အုပ်ချုပ်ရေးဌာနနှင့် ကျေးရွာများဘက်မှ အုပ်ချုပ်ရေးမှူးများ အုပ်ချုပ်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဆက်ဆံမှုမရှိတော့ကြောင်း ကော့ကရိတ်တောင်ပိုင်း/ မြောက်ပိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ နှစ်ဖက်တိုက်ခိုက်မှု အခြေအနေများကို သတင်းပေးပို့ရန် စစ်ကောင်စီဘက်မှ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဖိအားပေးခိုင်းစေခြင်းများကို မလုပ်ပေးနိုင်ပါက ဖမ်းဆီးစစ်ဆေးခြင်း၊ တယ်လီဖုန်းဖြင့် ဆဲဆိုကြိမ်းမောင်းခြင်း၊ ကျေးရွာဘက်လင်နက်ကြီးနှင့် ပစ်ခတ်မှုများရှိနေခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး အများစုသည် မြို့နယ်အုပ်ချုပ်ရေးဌာနကို အဆက်အသွယ်မလုပ်တော့ကြောင်း ကော့ကရိတ်တောင်ပိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

၎င်းက “နေ့တိုင်းရွာတွေ ဘက်လက်နက်ကြီး ပစ်ထုတ်နေတော့ နေလို့လည်းမရ၊ စိုက်လို့ပျိုးလို့ ခြံဘက် သွားလို့ လည်းမရ ဖြစ်နေတာ ကြာပြီလေ။ စစ်တပ်က အုပ်ချုပ်ရေးက ခေါ်လည်းမသွားချင်တော့ဘူး။ သတင်းမေး စစ်ဆေးတာပဲ လုပ်နေတော့ ဘာမှပြောမထိတော့ဘူး။ ညဆို ကိုယ့်အိမ်ကိုယ်မအိပ်ရဘဲ ရှောင်အိပ်နေရတာ ကြာ ပြီလေ။ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ၀င် အုပ်ချုပ်တဲ့ရွာတွေက အုပ်ချုပ်ရေးမှူးတွေတော့ မြို့နဲ့ဆက်ဆံ တာတော့ ရှိနေသေးတယ်” ဟု ‌ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့ ရပ်ကွက် ၆ ခုအတွင်း စစ်ကောင်စီတပ်က မကြာခဏ လက်နက်ကြီးပစ်ခတ်မှုကနေ လူနေရပ် ကွက်များအတွင်း ကျရောက်ပါက်ကွဲ မှုရှိသောကြောင့် စစ်အာဏာသိမ်းပြီးချိန်မှစ၍  ၂နှစ်ခွဲ ကျော်ကာလအတွင်း ရပ်ကွက်နေပြည်သူ ၁၀ဦး ထက်မနည်း သေဆုံးမှုရှိခဲ့ပြီး လူ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ က ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ နီးပါး ရှိသည့်အနက်မှ ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/ KNLA - PCအဖွဲ့၊ နယ်ခြားစောင့်တပ်-BGF ဖွဲ့များ လှုပ်ရှားနေထိုင်သည့် ကျုံဒိုးချာင်းဖျား၊ ဒေါ့ဖျာ၊ နဘူး၊ ထို့ကော် ကိုး၊‌ ဒေါ်လန်း၊ မြပတိုင်ကျေးနယ်များဘက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ကျန်ဒေသကျေးရွာများဘက်တွင် တိုက်ပွဲဖြစ်ပွားမှု ဆက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ကော့ကရိတ်က မြို့ထဲလည်း အချိန်မရွေး၊ ရွာဘက်လည်း အချိန်မရွေးတိုက်ပွဲထဖြစ်နိုင်တယ်။ မြို့မှာက စစ် တပ်၊ မြို့ပြင် ပတ်ခြာလည်ရွာတွေ ဘက်မှာက KNLA ပူးပေါင်းတပ်တွေ၊ PDFတွေ စိုးမိုးသွားလာ နေကြတယ်။ ဒေသခံက အခြေအနေကြည့်ပြီး သွားလာလုပ်ကိုင်နေထိုင်ပြီး ကြည့်နေကြည့်စား ပုံစံပေါ့ နော်” ဟု ကော့ကရိတ် မြောက်ပိုင်းရှိ ထီဖိုးစံကျေးရွာသားတစ်ဦးက ပြောသည်။

လတ်တလော ကော့ကရိတ် မြို့နယ်အတွင်း အာရှလမ်းသစ်၊ ကမိုင်ကုန်း၊ တတန်ကူး၊ တံတားဦး၊ ကြောင်လျှာ ကုန်း၊ ရန်ကုတ်၊ အောက်ဘိုတဲ၊ တောင်ကြာအင်းနေရာများဘက်သို့ ခြေလျင်တပ်ရင်း - ခလရ ၉၇ စစ်တပ်က နေ့စဉ်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လုပ်နေကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

Most read this week

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...