တနင်္သာရီတိုင်း စစ်ဘေးရှောင်များ ဆေးဝါးမလုံလောက်မှုနှင့် ရင်ဆိုင်နေရ

တနင်္သာရီတိုင်း စစ်ဘေးရှောင်များ ဆေးဝါးမလုံလောက်မှုနှင့် ရင်ဆိုင်နေရ
 Photo - Crd
Photo - Crd

တနင်္သာရီတိုင်း ဒေသအတွင်းရှိ စစ်ဘေးရှောင် အရပ်သား ပြည်သူများသည် လတ်တလောတွင် ဆေးဝါး မလုံ လောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ၎င်းတို့အား အနီးကပ်ကူညီသည့် အဖွဲ့အစည်းများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထားဝယ်ဒေသ၊ ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံး၊ ပုလော၊ တနင်္သာရီနှင့် ကော့သောင်းမြို့နယ်တို့တွင် ပြီးခဲ့သည့် ဩဂုတ်လမှ စတင်ကာအာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင် များ၏ တကျော့ပြန် စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဒေသအသီးသီးမှ စစ်ရှောင်အများစုသည် ယနေ့ အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ဆေးဝါးလို အပ်ချက်များရှိ လာကြောင်း ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “စစ်ရှောင်နေရတာ အချိန်ကာလကလည်း ကြာလာတော့ ဆေးဝါးအခက်အခဲက ရှိနေပါတယ်။ ဆေး လုံး၀ သယ်လို့မရတဲ့ ဒေသတွေဆိုရင် သာမန်လူတွေ အတွက်တောင် ဆေးဝါးရှားပါးနေပြီး။ နုနယ်တဲ့ ကလေး သူငယ်တွေ အတွက်ဆို ပိုဆိုးပါတယ်။ စစ်ရှောင် ဒေသတွေ၊ စစ်ရှောင်နေရာတွေက အများကြီးရှိ တာဆိုတော့ အဲဒီဒေသတွေမှာ ကူညီပေးနိုင်မယ့် ကျန်းမာရေးလုပ်သားအင်အားအပြင် အခြားသော လူသားအရင်းအမြစ်တွေ အများကြီးလိုအပ်ချက်ရှိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဆေးဝါးပြတ်လပ်လာသည့် အခြေအနေများအပြင် စစ်ဘေးရှောင်ပြည်သူများထဲတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ်များအကြား အဖြစ်များသော ရောဂါများအတွက် ကာကွယ် ဆေးထိုးပေးရန် အခက်အခဲ များရှိနေပြီး ငွေကြေးမလုံလောက်သည့် ပြဿနာများလည်း ကြုံတွေ့ နေရကြောင်း အဆိုပါ စစ်ရှောင် ကူညီသူဦးက ဆက်ပြောသည်။

“ကလေးသူငယ်တွေကို ကာကွယ်ဆေးထိုးဖို့က ခက်ခဲနေတဲ့အပေါ် နှစ်ပိုင်းရှိပါတယ်။ ကာကွယ်ဆေး ၀ယ်ယူဖို့ အလှူငွေမရှိတာရယ်။ ၀ယ်ယူပြီး ပို့ဆောင်ဖို့ကြန့်ကြာတာရယ်ပါ။ ဒါ့အပြင် စစ်ဘေးရှောင်တွေ အသက်ရှင် ရပ်တည်ဖို့ အတွက် ပိုမိုလုံးပမ်းနေရတာမျိုး ဖြစ်တဲ့အခြေအနေမှာ ဒီလိုကိစ္စတွေအတွက် ထည့်သွင်း မစဉ်းစား မိတဲ့ အခြေအနေကြောင့် ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ဘေးရှောင်ဦးရေ (၃၅,၀၀၀) ကျော်ရှိခဲ့ပြီး တစ်လထက်တစ်လ စစ်ရှောင်ဦးရေတိုးလာကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၉ ရက်နေ့အထိ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...