မဲဆောက်မြို့ရှိ မြန်မာပြည်သားနေထိုင်ရာ ရပ်ကွက်များတွင် ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှု များလာ

မဲဆောက်မြို့ရှိ မြန်မာပြည်သားနေထိုင်ရာ ရပ်ကွက်များတွင် ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှု များလာ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ယခု စက်တင်ဘာလ ပထမပတ်မှ စတင်၍ မြန်မာနိုင်ငံ သားများ နေထိုင်ရာ ရပ်ကွက်များတွင် ဖမ်းဆီးရှာဖွေ စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း မဲဆောက် အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီလုပ်ဆောင်သူများက ပြောသည်။

မဲဆောက်မြို့နယ်တွင် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယခင်ကထက် ပိုမိုလှည့်လည် နေသလို မသင်္ကာ သူများကို တွေ့ရှိလျှင် ခေါ်ယူစစ်ဆေးခွင့်၊ မေးမြန်းခွင့်လည်း ရှိနေသည့်အပြင် အထောက်အထား ရှိ မရှိကိုလည်း ဝင်ရောက် စစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း မဲဆောက်အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

ဦးမိုးကြိုးက “ဒီတာ့ခ်ခရိုင်မှာ လက်နက်တွေ ခဏခဏမိတယ်။ မဲဆောက်မှာလည်း ဆင်ခြေဖုံးတွေမှာ ကျေးရွာ မှာတို့၊ ရပ်ကွက်မှာတို့ လက်နက်ပစ္စည်းတွေ ထုတ်လုပ်တယ်ဆိုတဲ့ဟာတွေ ဆက်စပ်ပစ္စည်းတွေမိတယ်။ အဲဒါမျိုး တွေကို အကြောင်းရင်းရှာပြီးတော့ မူလနေတဲ့မြန်မာနိုင်ငံသားတွေ သွားရလာရနေရ ထိုင်ရတာ ပိုပြီး အကြပ် အတည်း တွေ့တယ်။ ပိုလည်း လုံခြုံရေး သတိရှိရမှာပေါ့။ အခုက တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ချစ် ကြည် ရေးတံတားမှာ လာပြီး စစ်ဆေးမှုတွေရှိတော့ စစ်ဆေးမှုများလာတာ” ဟု ကေအိုင်စီကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က တာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူးမှ မဲဆောက်မြို့ အမှတ်(၁) ချစ်ကြည် ရေး တံတားတွင် လာရောက် စစ်ဆေးသွားခြင်းရှိသည့် အတွက် အဆိုပါတံတားပေါ်ရှိ ဝင်ထွက်သွားလာသူ များနှင့် ကုန်ပစ္စည်းများကိုလည်း  ပိုမိုစစ်ဆေးလာနေသည်။

ထို့အပြင် မဲဆောက်မြို့အနီး မက္ကဆာကျေးရွာတွင် ဒရုန်း ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများနှင့် အတူ မြန်မာ ပြည်သား (၈) ဦး ဖမ်းဆီးခံရသည့် နောက်ဆက်တွဲကြောင့် လည်း ပါဝင်ကြောင်း ဦးမိုးကြိုးက ဆိုသည်။

“မယ်က္ကဆာ ကျေးရွာမှာနေတဲ့ မြန်မာလူငယ်တစ်စုက သူတို့နေအိမ်မှာ ဒရုန်းထုတ်လုပ်တဲ့ ဆက်စပ် ပစ္စည်း တွေနဲ့ ဖမ်းဆီးခံရတာက စက်တင်ဘာ (၃)ရက်နေ့၊ မြဝတီမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် မဖြစ်ခင် ကတည်း က။ ဒါပေမယ့် အဲဒီကရွာလူကြီးက သူ့လူမှုကွန်ယက်စာမျက်နှာမှာ ဖမ်းဆီးခံရတာတွေကို တင်လိုက်တော့ ထိုင်း အာဏာပိုင်တွေက ပိုပြီးမျက်စိကျတာ။ ပြောရမယ်ဆိုရင် မြဝတီဖြစ်စဉ်နဲ့ဆက်စပ်သလိုဘာလိုနဲ့ ထိုင်းအာဏာ ပိုင်ဘက်က ပိုစစ်ဆေးမှုတွေရှိလာတာ တစ်ချက်ပါတာပေါ့” ဟု ဦးမိုးကြိုးက ဆက်ပြောသည်။

ထို့အပြင် မဲဆောက်မြို့ စျေးကြီးအနီးရှိ မြန်မာနိုင်ငံသားများ အနေများသည့် အများခေါ် ဖိုးထူးကုန်းရှိ စျေးရောင်း သည့် ဆိုင်တန်းတွင် စက်တင်ဘာလ (၄) ရက်နေ့က ထိုင်းစစ်သားများ အပါအဝင် လုံခြုံရေး အဖွဲ့စုံ ပါဝင်၍ ဝင် ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အထောက်အထားမရှိသူ အချို့ကို ခေါ်ဆောင် သွားသည်။

ဖိုးထူးကုန်းရှိ နေထိုင်သည့် မြန်မာပြည်သားတစ်ဦးက “ဟိုနေ့က အဖွဲ့စုံနဲ့ ဝင်ဖမ်းတယ်ဆိုတော့ သူတို့မှာ သတင်း တစ်ခုခုရထားလို့ ဝင်ဖမ်းတာဖြစ်နိုင်တယ်။ အထောက်အထားနဲ့ ပတ်သက်ပြီး ဝင်ဖမ်းတာတော့ မဟုတ် လောက် ဘူး။ သူတို့က အဲ့လိုဝင် ဖမ်းပြီးဆိုရင် ဆေးမဟုတ်ရင် လက်နက်ပစ္စည်းတွေ ကြားလို့ ဝင်ရောက် စစ်ဆေးတာပဲ ဖြစ်မယ်။ ဒါပေမယ့် ဘာမှ ဖမ်းဆီးရတာတွေ မရှိဘူးလို့တော့ ကြားတယ်” ဟု ပြောသည်။

မဲဆောက်မြို့သည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသား များ အများအပြား ဝင်ရောက်နေထိုင်သည့်အပြင် ရပ်ကွက်အချို့တွင် မြန်မာပြည်သို့ ပို့ဆောင်သည့် လက်နက် ခဲယမ်းများ မကြာခဏ ဖမ်းဆီးခံရမှု ရှိနေသည်။

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...