ရခိုင်ရှိ မြို့နယ်အချို့တွင် လုံခြုံရေးကြောင့် ဆရာတော်အသျှင်ဥတ္တမနေ့အခမ်းအနား ကျင်းပနိုင်မည်မဟုတ်ဟုဆို

ရခိုင်ရှိ မြို့နယ်အချို့တွင် လုံခြုံရေးကြောင့် ဆရာတော်အသျှင်ဥတ္တမနေ့အခမ်းအနား ကျင်းပနိုင်မည်မဟုတ်ဟုဆို
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားအား တွေ့ရစဉ်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားအား တွေ့ရစဉ်။

လာမည့် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၈၄)နှစ်မြောက် ဆရာတော်အသျှင် ဥတ္တမနေ့ အခမ်း အနားကို ရခိုင်ပြည်နယ်ရှိမြို့နယ် အချို့တွင် လုံခြုံရေး အခြေအနေကြောင့် ကြီးကြီးကျယ်ကျယ် စည်စည်ကား ကား ကျင်းပနိုင်မဟုတ်ဟု ပွဲကျင်းပရေး ခေါင်းဆောင်များက ပြောသည်။

စစ်ကောင်စီက ရခိုင်တွင် အမျိုးသားနိုင်ငံရေး လုပ်ဆောင်သူများကို စောင့်ကြည့်နေပြီး အမျိုးသားရေးဆိုင်ရာ အခမ်းအနားကို တက်ရောက်သည့် လူမှုရေး လှုပ်ရှားနေသူများကိုလည်း  ဖမ်းဆီးတရားစွဲဆိုမှုများ ရှိနေခြင်း ကြောင့် လုံခြုံလွတ်လပ်မှု မရှိသည့်အတွက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကိုလည်း ခါတိုင်းနှစ်များကလို ကြီးကြီးကျယ်ကျယ် မကျင်းပနိုင်ခြင်းဟု ဆိုသည်။

အမ်းမြို့တွင်ဆိုလျှင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဆရာတော် အသျှင်ဥတ္တမနေ့ အခမ်းအနား ကျင်းပရန်နှင့် ဆရာ တော် ကြေးရုပ်တုတည်ရန် မြို့နယ်သံဃနာယကအဖွဲ့နှင့် မြို့ခံများကစီစဉ်ခဲ့ကြရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများပြုလုပ်ခဲ့၍ ယင်းကတည်းက အခမ်းအနားကျင်းပနိုင်ခြင်းမရှိဟု အမ်းမြို့ခံ ကိုမျိုးလွင်က ပြော သည်။

“ဒီနှစ်တော့ အမ်းမှာက အခမ်းအနားပွဲတော့ ဘာမှမရှိပါဘူး။ မကျင်းပဖြစ်ဘူးပေါ့။ မြို့ပေါ်မှာကလည်း ပွဲလုပ် ရ တာက မလွတ်လပ်ဘူး။ ဒီလိုအမျိုးသားနိုင်ငံရေးနေ့တွေကို ကျင်းပပြုလုပ်ဖို့က လုံခြုံမှုမရှိဘူး” ဟု ပြောသည်။

အလားတူ ကျောက်ဖြူမြို့တွင်လည်း ယခင်နှစ်က စီးပွားရေးကျပ်တည်းခြင်းနှင့် အခမ်းအနားပွဲလုပ်ရန် လူငယ် များက တက်တက်ကြွကြွမရှိသည့်အတွက် ရပ်နားလိုက်ရပြီး ယခုနှစ်တွင်လည်း ကျင်းပရန် အစီအစဉ်မရှိဟု ဆိုကြသည်။

သို့သော်လည်း ကျောင်းသူ/သားများက ဆရာတော်အား ဂုဏ်ပြုဂါရဝပြုသည့်အနေဖြင့် မိမိအစီအစဉ်ဖြင့်သာ ဆရာတော် ဦးဥတ္တမပန်းခြံရှိ ဆရာတော့်ရုပ်တုရှေ့၌ ဆီမီးထွန်းခြင်း၊ လွမ်းသူ့ပန်းခွေချခြင်း စသည်တို့ကို အကျဉ်း ချုံး ပြုလုပ်သွားမည်ဟု ကျောက်ဖြူမြို့မှ ပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးက ပြောသည်။

“အခမ်းအနားတော့ မလုပ်ဘူး။ ကိုဗစ်စဖြစ်ကတည်းက မလုပ်ဖြစ်တာ။ ဒီကြားထဲ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ပို ပြီးတော့တောင် မလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်တော့ ကျောင်းသား/သူတွေ၊ လူမှုအဖွဲ့အစည်းတွေကတော့ သူတို့အစီ အစဉ်နဲ့ သူတို့ ဂါရဝပြု ဆီမီးထွန်းတာတို့တော့ ရှိမယ်ထင်တယ်” ဟု ပြောသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့တွင်လည်း ဆရာတော်အသျှင် ဥတ္တမရုပ်တုမရှိခြင်းကြောင့် ယခုနှစ်တွင်လည်း အခမ်းအနားပွဲ ကျင်းပနိုင်မည်မဟုတ်ဟု ဆိုကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ဖွံဖြိုးတိုးတက်ရေး လူငယ်အသင်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့က အခမ်းအနား တော့ မလုပ်ပါဘူး။ အခမ်းအနားတွေပြုလုပ်တဲ့ နေရာတွေမှာတော့ ဆရာတော်ကို ဂါရဝပြုတဲ့အနေနဲ့ လွမ်းသူ့  ပန်ခွေတွေ သွားချမယ့် အစီအစဉ်တော့ လုပ်ထားပါတယ်” ဟု ပြောသည်။

ကျောက်တော်မြို့တွင်လည်း အခမ်းအနားကို ကျင်းပရန် လက်ချိန်အထိ အစီအစဉ်မရှိသေးဟု ကျောက်တော် လူငယ်များအသင်းမှ အသင်းသူတစ်ဦးက ပြောသည်။

“ကျောက်တော်မှာက တခြားအဖွဲ့အစည်းတွေကရော ဘာအသံမှမကြားသေးဘူး။ မနှစ်ကဆိုလည်း ဆရာတော် ရုပ်တုရှေ့မှာ ပန်းခွေချတဲ့သူတောင် မရှိသလောက်ပါပဲ။ ကျွန်မတို့အသင်းကလည်း အခုချိန်ထိတော့ ဘာအစီ အစဉ်မှ မရှိသေးတော့ လုပ်ဖြစ်မယ်။ မလုပ်ဖြစ်ဘူးဆိုတာ ပြောလို့မရသေးပါဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်၏မြို့တော် စစ်တွေတွင်ဆိုလျှင် ဆရာတော်ဦးဥတ္တမနေ့ အထိမ်း အမှတ်အဖြစ် ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာ ၃ ရက်နေ့က မူလတန်း၊ အလယ်တန်း၊ အထက် တန်းနှင့် တက္ကသိုလ်အဆင့်ထိ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီ၊ ရခိုင်သုတရေးဖြေ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါး ပြိုင်ပွဲများကို ကျင်းပခဲ့ကြသည်။

ဆုရကျောင်းသား/သူများကို စက်တင်ဘာလ ၉ ရက်နေ့တွင် ရွှေကရုဏာခန်းမ၌သော်လည်းကောင်း၊ ခိုင်သဇင် ပန်းခြံခန်းမ၌ သော်လည်းကောင်း အခမ်းအနားဖြင့် ဆုချီးမြှင့်မည်ဖြစ်ပြီး ဆရာတော့်ရုပ်တုအား ဂါရဝပြုခြင်း တို့ကို ပြုလုပ်သွားမည်ဟု ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နှစ်စဉ်လိုလို အခမ်းအနားကျင်းပနေကျ ဆရာတော်ဦးဥတ္တမပန်းခြံရှိ ဦးဥတ္တမခန်းမသည် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့်အတွက် လက်ရှိတွင် ပြုပြင်နေဆဲဖြစ်သည်။

ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားများကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်နှင့် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရလက်ထက်တို့တွင် ကြီးကြီးကျယ်ကျယ် စည်စည်ကားကားဖြင့် လွတ်လပ် စွာ ကျင်းပခွင့်ရခဲ့ကြသော်လည်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်တွင်မူ လွတ်လပ်စွာ ကျင်းပနိုင်ခြင်း မရှိဖြစ်နေရခြင်း ဖြစ်သည်။

ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံကို နယ်ချဲ့ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးအတွက် ဦးဆောင် ကာ မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက်အောင်နိုင်ငံရေးမျိုးစေ့ကို စတင်ချပေးခဲ့သော ရခိုင် အမျိုးသား ရဟန်းတော်တစ်ပါးဖြစ်သည်။

ထို့အပြင် ဆရာတော်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးအမှုနှင့် ပထမဆုံး အကျဉ်းကျခံခဲ့ရသည့် ရဟန်းတော် တစ်ပါးလည်း ဖြစ်သည်။

ထောင်မှ လွတ်မြောက်လာပြီး နောက်ပိုင်းတွင်လည်း မြန်မာပြည်အနှံ့ နိုင်ငံရေး တရားများကို ဟေပြောခဲ့သော ကြောင့် ၃ ကြိမ်တိုင်တိုင်ထောင်နန်းစံခဲ့ရသည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ညောင်တုန်း ဘုန်း ကြီးကျောင်း၌ ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူသွားခဲ့သည်။

ဆရာတော် ပျံလွန်တော်မူသည့်နေ့ကို ဆရာတော်ဦးဥတ္တမနေ့ အဖြစ် ရခိုင်တစ်မျိုးသားလုံးက အသိအမှတ်ပြုကာ အောက်မေ့ဖွယ် အခမ်းအနားများလည်း နှစ်စဉ်ကျင်းပလျက်ရှိနေကြသည်။

Most read this week

October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...