လုံနယ်ဝန်ကြီး အပြောင်းအလဲကြောင့် နယ်မြေအတွင်း စစ်ရေး ပိုမိုတင်းမာလာနိုင်ကြောင်း KNU သုံးသပ်

လုံနယ်ဝန်ကြီး အပြောင်းအလဲကြောင့် နယ်မြေအတွင်း စစ်ရေး ပိုမိုတင်းမာလာနိုင်ကြောင်း KNU သုံးသပ်

ကရင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့်တိုင်း လေးခုရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများအား စစ်ကောင်စီ က အစားထိုး ခန့်အပ်မှု လုပ်ဆောင်ခဲ့ခြင်းအပေါ် ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ကော်သူးလေဒေသများအတွင်း စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်ကြောင်း အစည်းအရုံး၏ ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောကယ်စေးက သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီဘက်မှ ထုတ်ပြန် လာသော အမိန့်စာတွင် ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းတွင် တာဝန်ထမ်းဆောင်နေသော နယ်လုံဝန်ကြီးများအား အစားထိုး ပြောင်းလဲခန့်အပ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းအစား ဗိုလ်မှူး ကြီး ကျော်သူရ၊ ကယား (ကရင်နီ) ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေအစား ဗိုလ်မှူးကြီး သန်းစိုးအောင်၊ ကရင်ပြည်နယ် လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်အစား ဗိုလ်မှူးကြီး မင်းသူကျော်၊ ချင်းပြည်နယ် လုံနယ် ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်အစား ဗိုလ်မှူးကြီးသိန်း ထွန်း အောင်နှင့် မန္တလေးတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူး ကြီး ကျော်ကျော်မင်းအစား ဗိုလ်မှူးကြီး နေလင်းစိုးတို့အား ပြောင်းလဲခန့်အပ်လိုက်ကြောင်း ဖော်ပြထားသည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “ဝန်ကြီးပြောင်းလဲလဲ၊ မလဲလဲ ကျနော် တို့ ကော်သူးလေ ဒေသ ထဲမှာ လတ်တလော သိရှိရတာကတော့ စစ်ရေးအခြေအနေကို သူတို့(စစ်ကောင်စီ)က ပြောင်းလဲချင်တဲ့ သဘော ရှိတယ်။ စစ်ရေးတိုးမြင့်နေတဲ့ အနေအထားလည်း တွေ့ရတာပေါ့နော်။ နယ်လုံဝန်ကြီး ပြောင်းလာလို့ ငြိမ်းချမ်း သွားတာကတော့ လုံးဝကိုမရှိဘူး၊ စစ်ရေးပိုပြီး တင်းမာလာနိုင်တဲ့ အနေအထားရှိတယ်” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီ၏ လက်ရှိ အနေအထားအရ ယခုကဲ့သို့ ဝန်ကြီး အပြောင်းအလဲများသည် လုပ်ထုံးလုပ် နည်း အရ သာမန်ပြောင်းလဲမှု တစ်ရပ်လည်း ဖြစ်နိုင်သလို လုပ်ဆောင်ချက်များ ပိုမိုအဆင်ပြေစေရန် အစားထိုး လဲလှယ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ပဒိုစောကယ်စေးက ဖြည့်စွက်သုံးသပ်သည်။

ထို့အတူ စစ်ကောင်စီ၏ နယ်လုံဝန်ကြီး‌များ ပြောင်းလဲမှုသည် ကရင်နီပြည်နယ် တစ်ခုတည်းသာမက ဒေသ အလိုက် လိုအပ်ချက်အရ အပြောင်းအလဲ လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများသော ကြောင့် စစ်ဆင်ရေး မဟာဗျူဟာအရ အပြောင်းအလဲ လုပ်ဆောင်ခြင်းဟု ယူဆကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က ပြောသည်။

“ကျနော်တို့ ဒေသထဲမှာကတော့ စစ်ကောင်စီက စစ်ရေးပိုတင်းကြပ်တာတို့ အရှိန်အဟုန်မြင့်တာတို့ အစွမ်း ကုန်ဖြစ် နေပြီပဲလေ။ နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ လေယာဉ်နဲ့ပစ်နေတာတွေ နောက်ပြီး စစ်ပွဲတွေမရှိဘဲနဲ့ ဒုက္ခသည်စခန်း‌တွေကို ပစ်‌ခတ်နေဝာာ‌တွေ ရှိနေတာဆိုတော့ ဒီထက်လည်းပိုဆိုးလာနိုင်စရာမရှိတော့ဘူး” ဟု ဦးအောင်ဆန်းမြင့် က ပြောသည်။

အလားတူ စစ်ကောင်စီသည် အရေးပေါ်ကာလ ၆ လ သက်တမ်း ထပ်မံတိုးခဲ့ပြီးနောက် ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက ၎င်းအတွက် အရေးပါသော ကာကွယ်ရေးနှင့် ပြည်ထဲ ရေးဝန်ကြီးနေရာများကို အစားထိုးခန့်အပ်ခြင်း များလုပ်ဆောင်ခဲ့သည်။

ထို့အပြင် နှစ်ဝက်တာ ကာလအတွင်းကလည်း လက်အောက်ခံ ဗိုလ်မှူးကြီး နှင့် ဗိုလ်ကြီး အဆင့်ရှိသူများအား အရပ်ဘက် ဝန်ကြီးဌာနများတွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့သည်။

Most read this week

October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...