မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု KNLA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု KNLA ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် အတွင်းရှိ သစ်ချဆိပ်စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။

KNLA အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO နှင့်အခြား တော်လှန်ရေး အင်အားစုများ ပူးပေါင်း ပါဝင်သော အဆိုပါတိုက်ပွဲအား ဩဂုတ်လ ၃၁ ရက်နေ့ကစတင်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့ထိ ဖြစ် ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၁၅) ဦး သေဆုံးခဲ့သလို ပူးပေါင်းတပ်ဘက်မှ ၂ ဦးသေဆုံးခဲ့သည်ဟု အဆိုပါ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

“စခန်းကတော့ သိမ်းနိုင်သွားပါတယ်။ သိမ်းပြီးတော့ ပြန်ဆုတ်ရတာပေါ့။ ဆုတ်ပြီး စခန်းပတ်လည်မှာ နေရာယူ တာတို့ မဟုတ်ရင်လည်း နဂိုနေရာ ပြန်သွားတာတို့ လုပ်ရတယ်။ လေယာဥ်နဲ့ တက်လာကြဲတော့ သိမ်းပြီး ဒီတိုင်း နေလို့ မရဘူးလေ” ဟု တော်လှန်ရေး အင်အားစုများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါစခန်းအား သိမ်းပိုက်ရမိစဥ် စစ်ကောင်စီတပ်များထံမှ လက်နက်ငယ်များလည်း သိမ်းဆည်းရမိခဲ့သော် လည်း တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီဘက်မှ ဒေသခံများ နေထိုင်ရာနေအိမ်များ၊ ကျောင်းနှင့်ဆေးရုံဝင်းများ အတွင်းမှ တုံ့ပြန်ပစ်ခတ်ခြင်း၊ လက်နက်ကြီးပစ်ကူတိုက်ခိုက်ခြင်းနှင့် လေကြောင်းမှတိုက်ခိုက်ခြင်းများ လုပ် ဆောင်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အဆိုပါ သစ်ချဆိပ်စခန်းတွင် တပ်စွဲနေထိုင်သော စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၄၃၉၊ ခလရ-၆၀ နှင့် ခြေမြန်တပ်ရင်း ခမရ-၃၅၀ နှင့် ၃၅၁ တပ်များမှ တပ်ဖွဲ့ဝင်များသည် ပြည်သူ လူထုပိုင်ပစ္စည်းများ သိမ်းယူခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လျက်ရှိသည် ဟု လည်း KNU နှင့် ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက “စခန်းတိုင်းလိုလိုပဲ ပစ္စည်းသိမ်းတာက တစ်ခါကလည်း ကျမ ဝယ်ထားတာတွေ တစ်သိန်းကျော်ဖိုးလောက် အသိမ်းခံရတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် အချိန်တွင် အဆိုပါစခန်းနှင့် နီးစပ်သည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရှိရသလို လူထု ထိခိုက်သေဆုံးမှု အခြေအနေနှင့် အဆောက်အအုံ ပျက်စီးမှု အခြေအနေများအား သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

အလားတူ လက်ရှိတွင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲများနှင့် နယ် မြေ မတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူဦးရေ ၂ သိန်းကျော်ရှိလာနေသည်ဟုလည်း ကရင်ငြိမ်းချမ်းရေး အထောက် အကူပြုကွန်ရက် - KPSN ၏ မှတ်တမ်း ပြုစုထားချက်များအရ သိရသည်။

Most read this week

October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...