ကရင်နီပြည်ရဲ့ “ရဲ” ဥပဒေ မူကြမ်းကို ရေးဆွဲထားပြီး ကျင့်သုံးနိုင်တော့မယ်လို့ KSP ဆို

ကရင်နီပြည်ရဲ့ “ရဲ” ဥပဒေ မူကြမ်းကို ရေးဆွဲထားပြီး ကျင့်သုံးနိုင်တော့မယ်လို့ KSP ဆို
ဓါတ်ပုံ - KSP
ဓါတ်ပုံ - KSP

ကရင်နီပြည် ရဲဌာန (KSP) ဖွဲ့စည်းတည်ထောင်ပြီး ၂နှစ်တာ အတောအတွင်း ကရင်နီပြည်၏ “ရဲ” ဥပဒေမူကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီး မကြာခင် ကျင့်သုံးနိုင်တော့မည်ဟု ကရင်နီပြည် ရဲဌာန (KSP) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန် ရှိသူက ပြောသည်။

ကရင်နီပြည် ရဲဌာန (KSP) ၏ သတင်းနှင့် ပြန်ကြားရေး ဌာနမှူး ကိုဘိုဘိုက “ဒီနှစ်ထဲမှာ ကရင်နီပြည် ရဲဥပဒေ မူ ကြမ်းကို ရေးဆွဲနိုင်ခဲ့တယ်ပေါ့နော်။ IEC က ဥပဒေပြုရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့မှ ကရင်နီပြည် ရဲလမ်းညွှန် ကိုလည်း ရေးဆွဲနိုင်ခဲ့တယ်။ နိုင်ငံတကာမှာရှိတဲ့ ဒီမိုကရက်တစ် ပူလစ်ဇင် နဲ့ ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ အတွေ့အကြုံရှိပြီးသား ရဲဌာနက ရဲတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့တယ်။ သူတို့နဲ့ ဆွေးနွေး ညှိနှိုင်းခဲ့ တယ်” ဟု ပြောသည်။

ဥပဒေမူကြမ်းကို ရေးဆွဲပြီး စီးထားပြီး ကြားကာလ ကရင်နီပြည်နယ် အုပ်ချုပ်ရေးကောင်စီ (IEC) ၏ ဥပဒေပြု ရေးအဖွဲ့ကနေ အတည်ပြုရန် လိုအပ်နေသေးသည်ဟု ကိုဘိုဘိုက ပြောသည်။

ဩဂုတ်လ ၂၅ ရက်နေ့က KSP ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်နေ့ ဖြစ်ပြီး ၂ နှစ်တာကာလအတွင်း လုပ်ဆောင်မှုများထဲ ကရင်နီပြည် “ရဲ” ဥပဒေမူကြမ်းကို ရေးဆွဲနိုင်ခဲ့ခြင်းသည် အားအရဆုံး လုပ်ဆောင်ချက်ဖြစ်သည်ဟု ပြောသည်။

KSP အနေဖြင့် ကရင်နီပြည်သူလူထုကို ဗဟိုပြုသည့် ရဲလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဝန်ဆောင်မှု လုပ်ငန်းများကို အဓိက လုပ်ဆောင်လျက်ရှိပြီး စစ်ကောင်စီ သတင်းပေးမှု၊ ခိုးမှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှု၊ မူး ယစ်ရမ်းကားမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် အခြားအမှုများကို ဖြေရှင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

၂ နှစ်တာ ကာလအတွင်း အမှုစုစုပေါင်း (၃၆၂) မှုကို အရေးယူ ဆောင်ရွက်ထားရှိပြီး မူးယစ်ဆေးဝါးအမှုက အများဆုံး ဖြစ်သည်။ KSP စတင် ဖွဲ့စည်းချိန်မှစပြီး လက်ရှိအချိန်ထိ ရဲစခန်း ၈ ခု၊ လုံခြုံရေးရဲကင်း ၄ ခု ရှိထားပြီး ဖြစ်သည်။

ပြည်သူများက တိုင်တန်းသည့် အမှုများကို အမှုဖွင့် အရေးယူဆောင်ရွက်ပြီး သက်သေ အထောက်အထာများနှင့် စနစ်တကျ အမှုတွဲတည်ဆောက်ကာ တရားရေးဌာနနှင့် တရားသူကြီးဆီကို တရားစွဲဆိုဖို့ တင်ပို့ရန် ရှိနေသည်ဟု ကိုဘိုဘိုက ဆက်ပြောသည်။

ကိုဘိုဘိုက “တရားသူကြီးကနေ အမှုတွေကို ဆက်လက်စစ်ဆေးဆောင်ရွက်ပြီးတော့မှ အပြစ်ရှိလို့ သက်သေ အထောက်အထား ခိုင်လုံလို့ စီရင်ချက်အမိန့်တွေ ချတယ် ထောင်ချမိန့်တွေ ချပြီဆိုလို့ရှိရင် အကျဉ်းထောင်ကို ပို့တာမျိုးတွေလည်း လုပ်ဆောင်ပေးနိုင်သွားပြီဖြစ်တယ်” ဟု ဆက်ပြောသည်။

KSP ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်တွင် ဖက်ဒရယ် ရဲဌာနတစ်ခုအနေဖြင့် ရပ်တည်နေသည့် KSP ကို ဆက်လက်ဝန်းရံ အားပေးကြရန် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက ၎င်း၏ လူမှုစာမျက်နှာမှ တဆင့် တိုက်တွန်းပြောဆိုထားသည်။

“KSP ဆက်လက်ပြီး ပြည်သူ့ရဲ ပီသအောင် ကြိုးစားမှု၊ တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်နေမှုကို အားပေး သွားမယ်။ မြန်မာနိုင်ငံတဝန်းလုံးမှ စစ်တပ်အောက်မှာ ကင်းလွတ်အောင် ရပ်တည်နိုင်သလို ဖက်ဒရယ် ရဲဌာန တခုအနေနဲ့ ရပ်တည်ပြတဲ့ KSP ကိုလည်း အားလုံး ဆက်လက်ဝန်းရံ အားပေးသွားကြဖို့လည်း တိုက်တွန်းလိုပါ တယ်” ဟု ဥက္ကဋ္ဌ ခွန်းဘီထူးက တိုက်တွန်းထားသည်။

ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ကရင်နီပြည်နယ်တွင်းရှိ ပြည်သူလူထု၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူကို ဝန်ဆောင်မှုများ ပေးနိုင်ရန် စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်သည့် CDM ရဲများက ကရင်နီ ပြည် နယ် ရဲတပ်ဖွဲ့ (KSP) ကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေး ဦးဆောင်မှုအောက်မှ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...
October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...
October 25, 2024
ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊...
October 24, 2024
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)...