ဖူးမြော်ခွင့်အတွက် ဝင်ကြေးကောက်တာဟာ ဘုရားဗန်းပြပြီး စီးပွားရှာတာလို့ ပြည်သူတွေဝေဖန်

ဖူးမြော်ခွင့်အတွက် ဝင်ကြေးကောက်တာဟာ ဘုရားဗန်းပြပြီး စီးပွားရှာတာလို့ ပြည်သူတွေဝေဖန်
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

ဘုရားဒကာဘွဲ့ခံ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တည်ထားသည့် နေပြည်တော်က မာရဝိဇယကျောက်ဆင်းတုတော် ဖူးမျှော်ခွင့်အတွက် ဝင်ကြေးကောက်ခံခြင်းက ဘုရားဗန်းပြ ပြီး စီးပွားရှာခြင်း ဖြစ်သည်ဟု ပြည်သူများက ဝေဖန်လိုက်သည်။

မာရဝိဇယဘုရားထံ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူများ စိတ်ချမ်းသာစွာနှင့် လာရောက်ဖူးမြော်နိုင်ဖို့ ဩဂုတ် ၂၀ ရက်နေ့ နောက်ပိုင်း ဘုရားနှင့် ဥယျာဉ်တော်ကြီး ရေရည်တည်တံ့ရေး လိုအပ်သည့် ပြုပြင် ထိန်းသိမ်း ခြင်း လုပ်ငန်းများအတွက် ပါဝင်နိုင်ရန် အကြောင်းပြချက်နှင့် ဝင်ကြေးကောက်ဖို့ စစ်ကောင်စီက ကြေညာ လာသည်။

စစ်ခေါင်းဆောင်တည်ထားသည့် ဘုရားကို သွားရောက်ဖူးမြော်သူများ အနေဖြင့် လူကြီးနှင့် ကလေး ၁၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦး အမေရိကန် ၁၀ ဒေါ်လာ၊ အပျော်ရိုက်ကင်မရာ ၅၀၀၀ ကျပ်၊ အလှဓါတ်ပုံနှင့် ဗီဒီယိုအပါ ၅၀၀၀၀ ကျပ်၊ ယာဉ်တစ်စီး ၂၀၀၀၀ ကျပ်နှင့် Buggy တစ်စီး တစ်နာရီ ၁၀၀၀၀ ကျပ် ကောက်ခံမည်ဟု ထုတ်ပြန်ထားသည်။

ဘုရားတည်ပြီး ပြည်သူများဆီက ဝင်ကြေးကောက်ခံရန် လုပ်ဆောင်လာသည့် စစ်ကောင်စီ၏ ကြေညာချက် အပေါ် ပြည်သူတစ်ဦးက ဘုရားဗန်းပြပြီး စီးပွားရှာသလို ဖြစ်နေခြင်းကြောင့် သွားဖူးရင်လည်း ပိုက်ဆံကုန်ဦး မည်ဟု သံလွင်တိုင်းမ်ကို ပြောသည်။

“စီးပွားရေးလုပ်စရာမရှိတော့ နောက်ဆုံးဘုရားထဲမှာ စီးပွားရေးလုပ်တယ်လို့ မြင်တယ်။ ဘုရားထဲမှာ စီးပွားရေး လုပ်ရင်းနဲ့ တစ်ယောက်ကို ဘယ်လောက်၊ ဘုရားကအဲဒီလိုပြစားဖို့မှ မဟုတ်တာဗျာ။ ကုသိုလ်ဖြစ် တည်ထားတာ ဆိုရင် ရည်ရွယ်တယ်ဆို အခမဲ့ဖူးခွင့်ရသင့်တာပဲလေ။ အခုဟာက ဘုရားဗန်းပြပြီးတော့ ဘုရားတည် စီးပွားရှာ သလို ဖြစ်နေတာပေါ့ဗျာ။ ဖူးချင်တဲ့ဘုရားတွေက အများကြီးပဲ။ ဒါပေမယ့် အဲဒီဘုရားကိုတော့ စာရင်းရဲ့ အောက် ဆုံးနားလောက်မှာ ရှိမယ်ထင်တာပဲ။ သွားဖူးရင်လည်း ပိုက်ဆံကုန်ဦးမှာလေ” ဟု ပြည်သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ စစ်ဗိုလ်ချုပ်များ လက်နက်အားကိုးနှင့် ဗိုလ်ကျခြယ်လှယ်ပြီး နိုင်ငံကို အုပ် ချုပ်နေသည့် ကာလတလျှောက် တိုင်းပြည်က ဆင်းရဲတွင်းနက်ကနေ ရုန်းထွက်နိုင်ရန် ထောက်တိုင်ဖြစ်သည့် ဒီမိုကရေစီ စနစ်ကလည်း အာဏာသိမ်းမှုကြောင့် တစ်ခန်းရပ်သွားခဲ့ရသည်။

တစ်ဖက်မှာလည်မး အာဏာသိမ်းမှုအလွန် ချွတ်ခြုံကျလာနေသည့် လူမှုစီးပွားမှာ နာလန်မထူနိုင်တော့သည့် အပြင် အတက်သာရှိပြီးအကျမရှိသည့် နိုင်ငံခြားငွေဈေး၊ ရွှေဈေးအပါအဝင် ကုန်ဈေးနှုန်းများကလည်း အခြေခံ လူတန်းစား ပြည်သူများအဖို့ အသက်ရှူရပ်ရမည့် ကိန်းဆိုက်နေသည်။

ယခုကဲ့သို့ ပြည်သူများ ကျပ်တည်းနေချိန် စစ်ခေါင်းဆောင်က ဘုရားကို ခုတုံးလုပ်ကာ အကျိုးအမြတ်ရှာခြင်းက သာသနာ၏ ပုံရိပ်ကို ကျဆင်းစေခြင်းကြောင့် ပြည်သူတစ်ဦးအနေဖြင့် လက်ခံနိုင်စရာမရှိဘူးဟုလည်း ပြောသည်။

“လူတွေက ကျပ်တည်းနေပါတယ်ဆိုမှ ဆင်းရဲသားတစ်ယောက်က အဲဒီဘုရားကို မမြင်ရတော့ဘူး၊ မဖူးရတော့ ဘူးလား။ ပိုက်ဆံမရှိတဲ့သူဆို ဘယ်လိုလုပ်မလဲ။ အဲဒီဘုရားရဲ့ ပရဝိုဏ်အတွင်းကို ဘယ်လိုမှသွားဖို့ အခွင့်အရေး မရှိနိုင်တော့ဘူး။ ဘုရားဆိုတာ ၇ ရက်သားသမီးတွေ ဘယ်သူပဲဖြစ်ဖြစ် လွတ်လပ်စွာသွားရောက် ဦးချဖူးမြော် ပိုင်ခွင့်ရှိတယ်လေ။ ကျွန်တော်တို့က အဲဒီလိုပဲမြင်တယ်။ ဒါက ဘုရားကို သူပိုက်ဆံအကုန်ခံထားမှ မဟုတ်တာ၊ ခရိုနီတွေဆီကနေ စုပေါင်းပြီးတော့ ဝိုင်းလုပ်ထားတဲ့ဟာပဲ။ ဒါပေမယ့် ဒီအပေါ်မှာ ဘုရားကိုခုတုံးလုပ်ပြီး အကျိုး အမြတ်ရှာတယ်ဆိုတာ ဘာသာသာသနာရဲ့ ပုံရိပ်က ကျစေတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးဗျ” ဟု ပြောသည်။

ထို့အပြင် အခကြေးငွေပေးပြီး ဘုရားဖူးခွင့်ရမည်ဆိုသည်မှာ မဖြစ်သင့်သလို ကမ္ဘာတွင် မြန်မာနိုင်ငံ တစ်နိုင် တည်းသာ ရှိပြီး မလုပ်သင့်မလုပ်ထိုက်သည့် အလုပ်ကို လုပ်ဆောင်နေသည်ဟု သူက ဆက်ပြောသည်။

မာရဝိဇယဘုရားကို ဩဂုတ် ၁ ရက်နေ့က အနေကဇာတင်ပွဲ အပါအဝင် ပရဝုဏ်အတွင်းရှိ ပါဠိ-မြန် မာ-ရိုမန် သုံးဘာသာနှင့် ထွင်းထုပူဇော်ထားသည့် ပိဋကကျောက်စာအချပ်ရေ ၁၄၄၀ ချပ်ရှိ စေတီများ၏ ထီးတော်တင်ပွဲတွင် ပြည်တွင်းပြည်ပ သံဃာတော်အပါး (၉၀၀) ကို ပင့်ဖိတ်ကာ စစ်ကောင်စီက တခမ်းတနား ပြုလုပ်ခဲ့ကြသည်။

ထို့နောက် စစ်ခေါင်းဆောင်က တည်ထားသည့် ဘုရားကို ရပ်နီးရပ်ဝေးပြည်သူများ အခမဲ့ လာရောက်ဖူးမြော် ခွင့်ရရန် ရက်ထပ်မံတိုးမြင့် ဖွင့်လှစ်ပေးထားပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူများနှင့် အထူးစည် ကားနေသည့် အကြောင်း စစ်တပ်ဝါဒဖြန့် နိုင်ငံပိုင်သတင်းစာများက စာမျက်နှာအပြည့် ဖော်ပြထားသည်။

Most read this week

October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...
October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...