စစ်ကောင်စီတပ်ဟာ ကယား (ကရင်နီ) ပြည် ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ စသည့် မြို့နယ်များ အတွင်း က တပ်သားများဆီကို စစ်ကူနှင့် ရိက္ခာများ ပို့ဆောင်ရန်အတွက် လမ်းဖောက်နိုင်ရေး ကြိုးစားနေသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ပိတ်ထားခြင်းကြောင့် မထိုးဖောက်နိုင်သေးဘူးဟု ကရင်နီတပ်မတော် KA က ပြောသည်။
ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှုးကြီး ဘုန်းနိုင်က “သူတို့ကတော့ လမ်းဖောက်ဖို့ပေါ့ ရန်သူက။ အောက်ဘက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေက စားနပ်ရိက္ခာနည်းသွားပြီပေါ့။ အဲ့ဒါသူတို့လည်း စစ်ကူပို့ဖို့ နောက်ပြီး ရိက္ခာပို့ဖို့ဘဲ ရှိမှာပေါ့။ ဒါပေမယ့် သူတို့ကတော့ မထိုးဖောက်နိုင်သေးဘူး လောလောဆယ်တော့ ကျနော်တို့ ပိတ်ထားတာ ရှိတယ်လေနော်” ဟု ပြောသည်။
ဩဂုတ်လ လဆန်းပိုင်းကစပြီး လက်ရှိအချိန်ထိ ကရင်နီပြည်ထဲ နေ့စဉ်နှင့်အမျှ နေရာအနှံ့အပြားတွင် တိုက်ပွဲ များ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက နယ်မြေ ပြန်လည်ရရှိရေး အပြင်းအထန် ကြိုးစားနေကြသည်။
လက်ရှိတွင် ဒီးမော့ဆို - ဖရူဆိုကို ဆက်သွယ်ထားသည့် ပြည်ထောင်စု လမ်းမကြီး လမ်းပိုင်းကို ပြန်လည် ထိန်း ချုပ်နိုင်ရန်အတွက် ဒီးမော့ဆို၊ ငွေတောင်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကောင်စီက အင်အား အလုံးအရင်းနှင့် စစ်ကြောင်းထိုးလာသည့် အတွက် တိုက်ပွဲပြင်းထန်နေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဩဂုတ်လ ၉ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်) ကို ပြောသည်။
မိုးဗြဲမြို့၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ရွာသစ်မြို့နယ်၊ ဘောလခဲမြို့ နယ်နှင့် မယ်စဲ့မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေမှုများ အမြဲလုပ်ဆောင်လေ့ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီပြည်ကို စေလွှတ်ပြီး တိုက်ခိုက်ရန် ရှေ့တန်းသို့ ပို့ခံရသည့် စစ် ကောင်စီတပ်၏ အင်အားကြီးတပ်မ တစ်ခုဖြစ်သည့် တပ်မ ၆၆ မှာ အထိနာပြီး လက်ရှိအချိန်ထိ ကရင်နီပြည်မှ ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိသေးဘူးဟု ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောသည်။
လက်ရှိတွင် ကရင်နီပြည်ကို တပ်မ ၆၆ လက်ကျန်တပ်သားများ၊ တပ်မ ၅၅ လက်အောက်ခံတပ်ရင်း ၂ ရင်း၊ နယ်မြေခံတပ်ရင်း လက်ကျန်တပ်သားများနှင့် စကခ ၂ လက်အောက်ခံ တပ်ရင်း ၁၀ ရင်း က လှုပ်ရှားနေသည်ဟု KA ၏ စစ်ရေးချုပ် ဗိုလ်မှုးကြီး ဘုန်းနိုင်က ပြောသည်။
စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်ထားနိုင်ခြင်း ကြောင့် ကရင်နီပြည်အတွင်း လက်ကျန်တပ်သားများမှာ စားနပ်ရိက္ခာ မရရှိနိုင်တော့ဘူးဟု ဗိုလ်မှုးကြီးဘုန်းနိုင်က ဆက်ပြောသည်။
“ကုန်းလမ်းနဲ့ ထောက်ပို့နိုင်တဲ့ လမ်းကြောင်းတွေကို တော်လှန်တပ်ဖွဲ့တွေက ဖြတ်တောက်ထားနိုင်တာ ဖြစ်ပါ တယ်။ ဒါကြောင့်လည်း စစ်ကောင်စီတပ်ဟာ ကရင်နီကို လေကြောင်းသုံတိုက်ခိုက်မှုကို အလွန်အကျွံ အသုံးပြု နေတာဖြစ်ပါတယ်။ ရဟတ်ယာဉ်နဲ့ အင်အားဖြည့်တင်းတာ၊ ရိက္ခာဖြည့်တင်းတာတွေကို လုပ်ဆောင်နိုင်ဖို့ လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး လမ်းကြောင်းရှင်းလင်းတာတွေကို စစ်ကောင်စီတပ်က အစဉ်အသုံးပြုနေရ တာပါ။”
စစ်ကောင်စီတပ်က အလွန်အထိနာနေသောကြောင့် လေကြောင်းကို အသုံးပြုသည့် အခါ တော်လှန်ရေး တပ်ဖွဲ့ များကို ပစ်ထားခြင်းမျိုး မဟုတ်တော့ဘဲ အရပ်သားများနှင့် ပြည်သူများနေထိုင်သည့် ရပ်ရွာများကိုပါ ပစ်မှတ် ထားကာ ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်။
“၂၀၂၁ မှာ အကြိမ်ပေါင်း ၈၀ နော် အဲ့ဒါက အတိအကျ ရတဲ့ဟာတွေနော။ ၂၀၂၂ မှာ ၁၈၀ ကြိမ်။ ၂၀၂၃ မှာက ဇန် နဝါရီလကနေ ဇူလှိုင်လအထိ ၂၈၃ ကြိမ် ဗုံးကြဲတယ်။ ကျနော်တို့ ကရင်နီပြည်ကိုပေါ့နော။ ဒါက အတိအကျဘဲ။ မမှားဘူး” ဟု ဗိုလ်မှုးကြီးဘုန်းနိုင်က စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှု အရေအတွက်ကို ပြောသည်။
ကရင်နီပြည်တွင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ပေါ်၊ ဘောလခဲမြို့ပေါ်နှင့် ရွာသစ်မြို့တွင်း သုံးနေရာသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်မြို့များမှာမူ စစ်ဇုန်များဖြစ်နေကာ မြို့ခံများအားလုံးကလည်း ဘေးလွှတ်ရာကို တိမ်းရှောင်နေကြရသည်။
“တိုက်ပွဲတွေက ဖြစ်နေတယ်။ စစ်ရှောင်တဲ့နေရာတွေကနေ ကြားနေရတယ်။ ကျနော့်ရွာက လမ်းမကြီး ဘေးနား ကလေ။ အခုဆို စစ်တပ်တွေ လာနေတယ်။ ကျနော်တို့ သူများရွာမှာ သွားနေရတယ်။ စားဝတ်နေရေးအတွက် လယ်တွေ ပြန်လုပ်ချင်တယ်။ ကြောက်လည်းကြောက်တယ်။ တိုက်ပွဲက သူတို့ တိုက်ကြတဲ့နေရာမှာဘဲ ဖြစ်တာ မဟုတ်ဘဲနဲ့ စစ်တပ်က လျှောက်ပစ်တယ်လေ။ ကျနော်တို့ကို ထိမှာကြောက်တယ်” ဟု ဖရူဆိုမြို့ခံ တစ်ဦးက ပြောသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကရင်နီပြည်တွင်းနှင့် ရှမ်း - ကရင်နီနယ်စပ် အတွင်းက စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခုနှစ်သောင်းနှင့် အထက် ရှိသည်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ထံကနေ သိရသည်။