သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တစ်နာရီကျော်ကြာအောင် ထိတွေ့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
သြဂုတ် ၁၇ ရက်နေ့၊ ညနေပိုင်း ၄ နာရီဝန်းကျင် အချိန်တွင် စစ်ကောင်စီတပ် နှင့် KIA တပ်ဖွဲ့တို့ကြား နမ္မတူမြို့ နယ်၊ မိုင်းတတ် ကျေးရွာအုပ်စု၊ မိုင်းတတ်ကျေးရွာ နှင့် မိန်းဆိုင်ကျေးရွာကြား၌ ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့ ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကချင်တပ်ဖွဲ့နဲ့ ဖြစ်တယ်လို့ ပြောနိုင်တာက ရွာထဲကို ဝင်လာတဲ့ စစ်သားတွေရဲ့ ပြောပြချက်အရ သိရတာ။ မနေ့က (သြဂုတ်လ ၁၇) မနက်ပိုင်းမှာ သီပေါက တက်လာတဲ့ စစ်ကောင်စီ စစ်ကား ၁၀ စီး ကျော်ရှိတယ်။ အဲ့စစ်ကြောင်းက KIA စစ်ကြောင်း နဲ့ တွေ့ပြီး တိုက်ပွဲဖြစ်တာ” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော် ဆင့်ကို ပြောသည်။
အဆိုပါ တိုက်ပွဲသည် ညနေ ၄ နာရီဝန်းကျင်မှ ၅ နာရီကျော်အထိ ပစ်ခတ်သံများ ကြားရပြီး စစ်ကောင်စီ စစ်ကြောင်းသည် မိုင်းတတ်ကျေးရွာအုပ်စု ပိန်းဆာကျေးရွာနားသို့ ဆုတ်ခွာသွားခဲ့သည်။
စစ်ကောင်စီ နှင့် KIA တို့ကြား ထိတွေ့တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသွားပြီး ဩဂုတ်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းအချိန်မှ အလောင်းကို လာရောက်သယ်သွားကြောင်းလည်း ဖြစ်စဥ်ကို သိရှိသူ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း၌ စစ်ကောင်စီ တပ်ဖွဲ့သည် သီပေါမြို့နယ်မှ စစ်ကောင်စီတပ်သည် တာတေကျေး ရွာ၊ ပန်လုံကျေးရွာ၊ မန်စံကျေးရွာ၊ နမ့်တောင်ကုန်းကျေးရွာများ အထိ စစ်အင်အားများ ဖြည့်ထားကြောင်းလည်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
“သီပေါကနေ စစ်ကြောင်းတွေ တက်လာသလို နမ္မတူက ခမရ ၃၂၄ စစ်ကောင်စီတပ်ကလည်း စစ်အင်အားတွေ ဖြန့်ထားတယ်၊ စစ်သားတွေက ကျေးရွာအတွင်းမှာ နေရာယူထားတယ်၊ ပန်လုံကျေးရွာမှာဆို စစ်သားတွေက ရွာထဲရော ရွာပြင်မှာ စစ်သားတွေ ချထားတယ်၊ သူတို့ နဲ့ မနီးမဝေးမှာက TNLA တပ်စခန်းတစ်ခု ရှိနေတယ်” ဟု အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
စစ်ကောင်စီတပ်မှ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်စခန်း နေရာအနီး အင်အားဖြည့်လာခြင်း နှင့် ပတ်သက်ပြီး နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေရကြောင်း ဒေသခံများ က ပြောဆိုနေကြသည်။
စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့သည် တိုက်ပွဲ ဖြစ်ပွား သည့် အချိန်တိုင်း၌ လက်နက်ကြီးများပါ ရမ်းသမ်းပစ်ခတ်သည့်အတွက် လုံခြုံရေးအတွက်ပါ စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုကြသည်။
ဇူလိုင်လ နောက်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ် နှင့် သျှမ်းပြည်အတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ ထိတွေ့တိုက်ပွဲ ခပ်စိပ်စိပ်များလာပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု များနေ သည်။