စယ်လန့် လွိုင်တေးမိန်း တောင်တက်လမ်းတွင် TNLA မိုင်းထောင်ထားဟုဆို

စယ်လန့် လွိုင်တေးမိန်း တောင်တက်လမ်းတွင် TNLA မိုင်းထောင်ထားဟုဆို

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ လွိုင်တေးမိန်းတောင်တက်လမ်းတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ မိုင်းထောင်ထားသည်ဟု ဒေသခံများကို အကြောင်းကြားလာကြောင်း ပြောသည်။

စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့  နှင့် TNLA  တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်တွင် TNLA တပ်ဖွဲ့သည် စယ်လန့်ကျေးရွာအတွင်း နေရာယူထားပြီး ရှေးဟောင်း အမွေအနှစ်ဖြစ်သည့် သျှမ်းဧကရာဇ် စဝ် ဆေခန်ဖ၏ မြို့ရိုးကို မြေဖို့အပြီး လက်ရှိတွင် မိုင်းများပါ ထောင်ထားကြောင်း TNLA မှ ဒေသခံများကို အကြောင်းကြားလာသည်ဟု  စယ်လန့်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စယ်လန့်ပြည်သူများအနေဖြင့် လွိုင်တေးမိန်းတောင်တက်လမ်း ဘက်သို့သွားမည်ဆိုပါက TNLA ထံ အကြောင်း ကြားရန်လည်း ပြောဆိုခဲ့သည်။

“အခုဆို TNLA စစ်သားတွေက စယ်လန့်ကျေးရွာထဲမှာ ရှိနေတုန်းပဲ၊ မြေဖို့ပစ်လိုက်တဲ့ မြို့ရိုးနားမှာပဲ စခန်းချ နေထိုင်နေတာ။ ပြီးတော့ လွိုင်တေးမိန်းတောင် တက်လမ်းဘက်မှာ မိုင်းတွေ ထောင်ထားတယ်လို့ ဒေသခံတွေကို အကြောင်းကြားလာတယ်။ အဲ့ဘက်လမ်းကို အသုံးပြုမယ်ဆိုရင် သူတို့ကို အကြောင်းကြားရမယ်တဲ့” ဟု အမည် မဖော်လိုသူ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ TNLA တပ်ဖွဲ့ မိုင်းထောင်ထားသည့် လမ်းသည် လွိုင်တေးမိန်းတောင်တက်လမ်း ဖြစ်သည့် အပြင် ဒေသ ခံများ လယ်ယာသွားရန်အတွက် အသုံးပြုသည့် လမ်းကြောင်းလည်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် TNLA တပ်မှ အများပြည်သူအသုံးပြုသည့် လမ်း၌ မိုင်းထောင်ထားခြင်းသည် ဒေသခံများ သွားရေး လာရေး ခက်ခဲစေသည့်အပြင် မလုံခြုံသည့် စိုးရိမ်စိတ်များလည်း ဖြစ်ပေါ်နေကြောင်း စယ်လန့် ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းထောင်ထားတယ်ဆိုတော့ ဘယ်သူက သွားရဲတော့မှာလဲ မဟုတ်ဘူးလား။ အခုဆိုရင် လယ်ထဲက ရေတွေ ရှိလား မရှိလားဆိုတာလည်း သွားမကြည့်ရဲတော့ဘူး၊ သစ်ခုတ်ဝါးခုတ်ဖို့လည်း အဲ့လမ်းကိုပဲ အသုံးပြုရတာ၊ ပိုဆိုးတာက အခုလို ဝါတွင်းက တောင်ပေါ်ဘုရားကို ဝတ်ပြုဖို့၊ ဝေယျာဝိစ္စ လုပ်ဖို့ စတာတွေလည်း မသွားနိုင် တော့ဘူး” ဟု စယ်လန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ TNLA စခန်းချထားသည့် နေရာသည် ရှေးဟောင်းအမွေအနှစ် မြို့ရိုးကို မြေဖို့သည့် နေရာ၌ ဖြစ်နေပြီး ၎င်းတို့ မြေဖို့သွားသည့် မြေနေရာသည် ပြည်သူပိုင် ခြံဝန်းလည်း ပါဝင်နေသည်။

ဂျီနီဗာ သဘောတူစာချုပ်အရ စစ်ပွဲများအတွင်း ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အအုံများ အပါအဝင် အရပ်သားများနှင့် နီးစပ်သည့်နေရာ၊ ကျေးရွာများအနီးတွင် စစ်ရေး အတွက် အသုံးမပြုရန် နှင့် မဖျက်ဆီးရန် တားမြစ်ထားသည်။

ထို့အပြင် လက်ရှိအချိန်ထိ အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်တို့အကြား ဒေသအတွင်း စစ်ရေး တင်းမာ မှု ရှိနေသေးသည့်အတွက် စစ်ရေးပိုမိုပြင်းထန်လာမှာကို ဒေသခံများက စိုးရိမ်နေရကြသည်။

October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...
October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...
October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...