ရွှေ၊ ဒေါ်လာနှင့် ဘတ်ဈေး တရှိန်ထိုးတက်လာပြီး အရောင်းအဝယ် အားလုံးနီးပါးရပ်ဆိုင်း

ရွှေ၊ ဒေါ်လာနှင့် ဘတ်ဈေး တရှိန်ထိုးတက်လာပြီး အရောင်းအဝယ် အားလုံးနီးပါးရပ်ဆိုင်း

ပြည်တွင်း ရွှေ၊ ဒေါ်လာနှင့် ဘတ်ငွေဈေးနှုန်းမှာ သြဂုတ် ၁၆ ရက်နေ့တွင် တရှိန်ထိုးတက်လာပြီးနောက် ဈေး ကွက်အတွင်း အရောင်းအဝယ် အားလုံးနီးပါး ရပ်ဆိုင်းသွားပြီဟု ငွေလဲလုပ်ကိုင်သူများနှင့် ရွှေလုပ်ငန်းရှင် များက သံလွင်တိုင်းမ်ကို ပြောသည်။

သြဂုတ်လဆန်းပိုင်းက အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၁၀၀ ဝန်းကျင်သာရှိခဲ့ရာ ဒေါ်လာဈေးနှုန်းဟာ ကျပ် ၃၇၀၀ ကျော်အထိ ဈေးနှုန်းထိုးတက်လာပြီး ဘတ်ဈေးကလည်း တစ်ဘတ်ကို ကျပ် ၁၀၀ ကျော်အထိ ဈေးနှုန်း ခုန်တက်သွားခြင်း ဖြစ်သည်။

ထို့အပြင် အမြင့်ဈေးမှာပဲရှိနေသည့် မီးလင်းအခေါက်ရွှေကလည်း တစ်ကျပ်သားကို ကျပ် ၃၅ သိန်းဝန်းကျင်က နေ ကျပ် ၃၈ သိန်းကျော်အထိ ဈေးနှုန်းထပ်မံမြင့်တက်လာပြီး အရောင်းအဝယ် ရပ်နားထားရသည်။

ပြည်တွင်း ရွှေ၊ ဒေါ်လာနှင့် ဘတ်ဈေးနှုန်းများ စစ်ကောင်စီ၏ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမှုအပါအဝင် ထိုင်း-မြန်မာကုန်သွယ်ရေး ရပ်တန့်သွားခြင်း၊ ဈေးကွက်အတွင်း အပြိုင် အလိုက် ဈေးကစားမှုများကြောင့် ဈေးနှုန်း အဆမတန်မြင့်တက်ခြင်း ဖြစ်သည်။

ရွှေလုပ်ငန်းရှင်တစ်ဦးက “ဒေါ်လာဈေးက မနေ့က (၃၆၈၀) ပြင်ပပေါက်ဈေးကလေ။ ကမ္ဘာ့ရွှေဈေးကကျပေမယ့် အဲဒီဈေးနဲ့ဆိုရင် မြန်မာ့ရွှေဈေးက (၃၇) ကျော်သွားပြီလေ။ အဲဒီဒေါ်လာဈေးနဲ့ တွက်မယ်ဆိုရင်ပေါ့။ အဲဒီတော့ (၃၇) (၃၈) ပေါ့နော်။ ဒီတော့ အရောင်းအဝယ်တွေ ပိတ်ကြတယ်။ အခုလောလောဆယ်မှာ နည်းနည်းအန္တရာယ် ရှိနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေမှာဆိုးလို့ဆိုပြီး အများစုက ရွှေဈေးကိုသိပ်ပြီးတော့ မပြောချင်ကြဘူးပေါ့နော်။ ရောင်းမယ်ဆိုတဲ့သူတွေကလည်း အဝယ်ပိတ်ထားတယ်ဆိုပြီးတော့ ပြောကြတယ်။ အရောင်းရောအဝယ်ရော မလုပ်ရဲကြဘူး” ဟု ပြောသည်။

ပြည်တွင်းရွှေဈေးနှုန်းသည် ဒေါ်လာဈေးနှုန်း ထပ်မံမြင့်တက်လာမှုနှင့် အတူ စစ်ကောင်စီဘက်က ဖြေရှင်း ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ဈေးနှုန်းအဆမတန် မြင့်တက်လာခြင်း ဖြစ်သည်ဟု အဆိုပါ ရွှေလုပ်ငန်းရှင်က ဆက်ပြောသည်။

“ရုတ်တရက်သူတို့ ဆွဲချလိုက်လို့ရှိရင် ဈေးကျသွားနိုင်တယ်။ ဆွဲမချနိုင်ဘူးဆိုလို့ရှိရင်လည်း ဆက်တက်မယ် ဆိုရင်လည်း အမြင့်ဈေးကို ဆက်ရောက်သွားနိုင်တယ်။ လူတွေကကြောက်ပြီးတော့ အရောင်းအဝယ်တွေကို ဆိုင်တွေကပိတ်ပြီးတော့ မလုပ်ရဲကြဘူး။ ဒေါ်လာဈေးက နှစ်သောင်းတန် ဂယက် နောက်ပိုင်းမှာဖြစ်လာတဲ့ ဂယက်တွေနဲ့ ဒေါ်လာဈေးက ထိုးတက်သွားတာပေါ့နော်။ အဲဒီဒေါ်လာဈေးထိုးတက်သွားတဲ့အခါမှာ မထိန်းနိုင်တဲ့ အချိန်မှာ အခုလိုမျိုးဖြစ်တာပေါ့ အဓိကက။”

ရွှေဈေးနှုန်း အဆမတန် မြင့်တက်လာသည့် အတွက် ရွှေဆိုင်အများစု အရောင်းအဝယ်ပိတ်ထားရပြီး အချို့ဆိုင် များမှာ မီးလင်းခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၂ သိန်းကျော်အထိ ဈေးခွာဝယ်ယူမှု အနည်းအကျဉ်းသာ ရှိသည်ဟု ဆိုသည်။

အလားတူ ဘတ်ငွေဈေးနှုန်း အဆမတန် မြင့်တက်နေသည့်အတွက် စစ်ကောင်စီ ဗဟိုဘဏ်က သြဂုတ် ၁၄ ရက် နေ့တွင် ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု ဆောင်ရွက်နိုင်သည့် ငွေကြေး အဖြစ် သတ်မှတ်လိုက်သည်။

သို့သော် ဘတ်ဈေးနှုန်းမှာ ကျပ်တစ်သိန်းကို ဘတ်ငွေ ၉၇၀ ဝန်းကျင်အထိ ပေါက်ဈေးရှိလာသည့် အတွက် ငွေလဲ လုပ်ကိုင်သူ အများစုအလဲအလှယ် ရပ်နားထားသည့်အတွက် ငွေလဲသူများ အခက်ကြုံနေကြရသည်။

ဇူလိုင် ၅ ရက်နေ့ကလည်း စစ်ကောင်စီသည် စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်းထားပြီး လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ နိုင်ငံခြားငွေကြေး ကြီးမြင့်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။

ငွေကြေး ကျွမ်းကျင်သူများက လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေကြေး ကြီးမြင့်မှု ပြဿနာကို စစ်ကောင်စီ ဘက်က ဖြေရှင်းနိုင်ခြင်းမရှိပါက မြန်မာ့စီးပွားရေး အဆိုးဝါးဆုံး အခြေအနေ တစ်ရပ်ကို ထပ်မံရောက်ရှိလာနိုင် သည်ဟု သုံးသပ်နေကြသည်။

Most read this week

October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...
October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...