တနင်္သာရီတိုင်းတွင် ဇူလိုင်လအတွင်း စစ်ဘေးရှောင် သုံးသောင်းကျော်ရှိနေ

တနင်္သာရီတိုင်းတွင် ဇူလိုင်လအတွင်း စစ်ဘေးရှောင် သုံးသောင်းကျော်ရှိနေ

စစ်ကောင်စီ၏ ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်၍ နေအိမ်မီးရှို့ ဖျက်ဆီး မှုများကြောင့် ယခု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း တနင်္သာရီတိုင်းတွင် စစ်ဘေး ရှောင်ဦးရေ သုံးသောင်းကျော်ရှိလာနေကြောင်း FE5 တနင်္သာရီက မှတ်တမ်းပြု စုထားသည့် ‘အာဏာသိမ်းပြီး ရက်ပေါင်း ကိုးရာကျော်အတွင်း ဖြစ်ရပ်များ’ အမည်ရှိ အစီရင်ခံစာအရ သိရသည်။

နယ်မြေစိုးမိုးနိုင်မှု အရေးနိမ့်နေသော စစ်ကောင်စီသည် အရပ်သားများ နေထိုင်ရာ ကျေးရွာများတွင် အကြမ်း ဖက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပစ်မှတ်ထားကျူးလွန်နေကြသဖြင့် ပြီးခဲ့သည့် လပိုင်းများနှင့် နှိုင်းယှဥ် ပါက ယခုဇူလိုင်လအတွင်း စစ်ဘေးရှောင်ဦးရေ ပိုများလျက်ရှိပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု အပေါ် အခြေခံ၍ လည်း စစ်ဘေးရှောင်အရေအတွက် ပြောင်းလဲနေသည်ဟု ဩဂုတ်လ (၁၁)ရက်နေ့က ထုတ်ပြန်သည့် ၎င်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အမြဲတမ်းစစ်ဘေးရှောင်တွေဆိုတာ စစ်တပ်က အိမ်တွေမီးရှို့ခံလိုက်ရလို့ ပြန်စရာမရှိတော့ဘဲ တောတွေ တောင်တွေထဲမှာ နေလိုက်ရတဲ့သူတွေပေါ့၊ ပုံမှန်စစ်ဘေးရှောင်တွေကကျ‌တော့ စစ်တပ်ရွာတစ်ရွာကို ဝင်လာ ပြီဆိုရင် ခဏတိမ်းရှောင် သူတို့ထွက်သွားပြီဆိုတော့မှ ပြန်လာနေ၊ အဲ့လိုရှောင်နေရတဲ့သူတွေပေါ့။ အဲ့လို ပုံစံ နှစ်မျိုး နေနေရတာ ကျနော်တို့ဆီမှာ ထောင်ဂဏန်းလောက်ရှိတယ်” ဟု လောင်းလုံးမြို့ ဒေသခံတစ်ဦးက ပြော သည်။

ထို့အပြင် စစ်ကောင်စီက ဆန်သယ်ဆောင်ခွင့်ကန့်သတ်ထားသဖြင့် စစ်ဘေးရှောင် ရိက္ခာ ကူညီထောက်ပံ့ရေး  အတွက် အခက်အခဲရှိနေသလို ဆန်အိတ်တစ်အိတ်လျှင် ကျပ်ငွေနှုန်းထားအမျိုးမျိုးဖြင့် ကောက်ယူ နေသည့် အတွက်လည်း ပေါ်ပေါ်ထင်ထင် အကူအညီပေးနိုင်ရန် ခဲယဥ်းကြောင်းလည်း စစ်ဘေးရှောင်ကူညီနေသူများက ပြောဆိုသည်။

ထို့အတူ အဆိုပါ စစ်ဘေးရှောင်သုံးသောင်းကျော်တွင် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် ကျေးရွာများမှ စစ်ဘေး ရှောင်ပြည်သူ တစ်သောင်းကျော်နှင့် မြိတ်ခရိုင်မှ နှစ်သောင်းကျော်ပါဝင်နေပြီး ၎င်းတို့အနက် စစ်ဘေးရှောင် စခန်းများတွင် နေထိုင်သူခြောက်ထောင်ကျော်သာရှိ၍ ကျန်သူများမှာ တောတောင်နှင့် မြို့၊ ရွာများတွင် ရွှေ့ ပြောင်းတိမ်းရှောင်နေကြကြောင်း FE5 တနင်္သာရီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်လက်၍ စစ်ရှောင်နေရခြင်းနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် ယခုနှစ်စပါးစိုက်ရာသီအတွင်း စိုက်ပျိုး ရေး မလုပ်ကိုင်နိုင်သော လယ်စိုက်တောင်သူ အများအပြားရှိနေပြီး လုပ်ငန်းခွင်အတွင်း ဖမ်းဆီးသတ် ဖြတ်ခံ ရခြင်း၊ လက်နက်ကြီး ထိခိုက်မှုခံရခြင်းနှင့် မိုင်းနင်းမိခြင်းတို့ကြောင့် အသက် အန္တရာယ်လုံခြုံမှုမရှိ ဖြစ်နေသည် ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

အမည်မဖော်လိုသူ အခြားဒေသခံတစ်ဦးက “ဒီပြီးခဲ့တဲ့ရေကြီးရေလျှံမှုတုန်းကလည်း ကျနော်တို့ဘက်က မိုးရေ ချိန်တော်တော်များလို့ မိုးစပါးစိုက်ပျိုးတဲ့နေရာမှာ ပျက်စီးတာတွေ သေကုန်တာတွေရှိတယ်။ စစ်ကြောင်း ထိုး တာနဲ့ တိုက်ပွဲကြောင့်ကတော့ တနင်္သာရီအောက်ဘက်မှာဆိုရင် အဲ့လိုလယ်ပစ်၊ အိမ်ပစ် ထွက်ပြေးပုန်းရှောင်ရ တာတွေ ရှိတယ်” ဟု ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများနှင့် အခင်းအကျင်းများအား စောင့် ကြည့်မှတ်တမ်း ပြုစုလျက်ရှိသော အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည့် FE5 တနင်္သာရီ၏ အာဏာသိမ်းပြီး ရက်ပေါင်းကိုးရာကျော်အတွင်းဖြစ်ရပ်များ အမည်ရှိ အဆိုပါအစီရင်ခံစာတွင် ဇူလိုင်လအတွင်း အရပ်သား သတ် ဖြတ်ခံရမှုများ၊ ထောင်တွင်းအခြေအနေများနှင့်တကွ ထူးခြားဖြစ်စဥ်များကိုလည်း ဆက်စပ်ဖော်ပြထားသည်။

ထိုအစီရင်ခံစာကို အာဏာသိမ်းကာလအတွင်း နေ့စဥ် သေကြေ၊ ပျက်စီး၊ ဆုံးရှုံးမှုရှိနေသည့် အခြေအနေများ အား သတိချပ်သုံးသပ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဧပြီလမှ စတင် မှတ်တမ်းပြုစုခဲ့ခြင်းဖြစ်ကြောင်း FE5 တနင်္သာရီအဖွဲ့၏ ပြောပြချက်အရ သိရသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...