မော်လမြိုင်လမ်းမီးတွေကို စစ်ကောင်စီ လိုက်လံဖြုတ်သိမ်းနေ

မော်လမြိုင်လမ်းမီးတွေကို စစ်ကောင်စီ လိုက်လံဖြုတ်သိမ်းနေ
ဓာတ်ပုံ-သာသနာနွယ်လူမှုကွန်ရက်
ဓာတ်ပုံ-သာသနာနွယ်လူမှုကွန်ရက်

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ ထွန်းထားသည့် လမ်းမီးများကို စစ်ကောင်စီ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကနေ လိုက်လံ ဖြုတ်သိမ်းနေသည်ဟု ဒေသခံများက သံလွင်တိုင်းမ်ကို ပြော သည်။

စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ရပ်ကွက်ကျေးရွာအချို့ရှိ လမ်း ကြိုလမ်းကြားများတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို အကြောင်းကြားခြင်း မရှိဘဲ တရားမဝင် လမ်းမီးတွေ တပ်ဆင်အသုံးပြုမှု စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

တရားမဝင်လမ်းမီးများ အလွန်များပြားနေခြင်းကြောင့် ယူနစ်ပျောက်ဆုံးမှု သက်သာစေရေးအတွက် တရားမဝင် လမ်းမီးများကို နေ့စဉ်သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားပြီး ဖြုတ်သိမ်းသွားမည်ဟု သြဂုတ်ဒုတိယအပတ်မှာ ထုတ်ပြန်လာသည်။

အဆိုပါ ညွှန်ကြားစာ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ဝန် ထမ်းများ သည် ကိုယ်ထူကိုယ်ထ တပ်ဆင်ထားသည့် လမ်းမီးများကို လိုက်လံဖြုတ်သိမ်းခြင်းများ လုပ်ဆောင်လာသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အခုဆိုရင် တချို့အိမ်တွေက ဘာလုပ်လဲဆိုတော့ အိမ်ရှေ့တွေမှာ မီးလုံးတွေပိုထွန်းနေရတယ်။ သူတို့က မီးတိုင် တွေကို လာပြီးတော့ ဖြုတ်သွားတာတွေ ရှိတယ်။ ဘယ်လို အကြောင်းပြလဲဆိုတော့ မီးကြိုးရှော့ဖြစ်တယ်တို့၊ မီး ကြိုးတွေ များနေတယ်တို့ ပြောပြီးတော့ အဲဒီလမ်းမီးတွေကို တမင်တကာ ဖြုတ်သွားတာတွေ လုပ်တယ်ပေါ့။ အဲ့ဒါတွေကတော့ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ အလုပ်ပဲလေ။ လိုတာထက် ပိုခက်ခဲလာပြီလေ။ ကိုယ်ထူကိုယ်ထ လည်း မီးလုံးဝယ်ထည့်လို့မရဘူး။ မီးလည်းတပ်ဆင်လို့မရဘူး၊ အမှောင်တွေ ဖုံးလွှမ်းလာပြီး၊ ဒါကအမှောင်ထဲမှာ လုပ်စားတဲ့သူတွေ အားရကျေနပ်မှာလေ။”

မော်လမြိုင်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူများက ညပိုင်းအချိန်များတွင် လမ်းသွားလာရ လွယ်ကူစေရန်၊ လုံခြုံမှုရှိစေရန်နှင့် ခိုးဆိုးလုယက်မှုများ မဖြစ်ပွားစေရန်အတွက် လမ်းမီးများကို သွယ်တန်းပြီး ထွန်းလင်းထားခြင်း ဖြစ်သည်။

သို့သော် ယခုလုပ်ရပ်ကြောင့် “ပြည်သူလူထုကတော့ ဘယ်လိုလုပ် စိတ်အေးချမ်းသာစွာ အိပ်စက် အနားယူနိုင် မလဲ။ သူ့အိမ်မလုံခြုံတော့ဘူး။ ရပ်ကွက်မလုံခြုံတော့ဘူး။ မိသားစု မလုံခြုံတော့ဘူး။ ညရေးညတာ အရေး အကြောင်းရှိလို့ အပြင်ထွက်ရမယ်ဆိုရင် ဒုက္ခရောက်တယ်။ စိုးရိမ်စိတ်တွေက တအားပိုလာပြီး၊ သူတို့ အဲဒီလို မျိုးလုပ်တာက ဆိုးကျိုးဖြစ်အောင်ပဲ တမင်တကာ ဖန်တီးလုပ်ဆောင်နေတယ်လို့ပဲ မြင်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ရပ်ကွက်များအတွင်းရှိ လမ်းမီးများမှာ ယခင်ကကိုယ်ထူကိုယ်ထ လုပ်ကိုင်ကြခြင်းဖြစ်ပြီး ယခုကဲ့သို့ လမ်းမီးများ လိုက်လံဖြုတ်သိမ်းလာခြင်းကြောင့် သွားရေးလာရေးအပြင် သူခိုးဓားပြရန်ကိုပါ ကြောက်နေရသည်ဟု အခြား မြို့ခံတစ်ဦးက ပြောသည်။

“အရင်က ဆိုရင်တော့ ကိုယ်ထူကိုယ်ထပေါ့။ တစ်လမ်းမှာတစ်အိမ် ဘယ်လောက်စိုက်။ အဲဒီလိုမျိုး ဓာတ်မီးတိုင် မှာ မီးထည့်လိုက်တယ်။ လမ်းတွေသာယာလှပသွားတယ်၊ လမ်းလင်းသွားတော့ နေရထိုင်ရတာ အဆင်ပြေ တယ်။ သူခိုးဓါးပြရန်တွေ မကြောက်ရဘူး။ အခါတိုင်းလည်း ဒီလမ်းမီးတွေကသုံးနေတာပဲ။ အရင်အစိုးရ လက် ထက်မှာလည်း ပေးနေတာပဲ။ အားလုံးက လုံလောက်ပါတယ်။ သူ့လက်ထက်ကျမှ မလုံလောက်ဘူးဆိုတော့ တော်တော်လေးကို အဆင်မပြေပါဘူး။ သူခိုးဓါးပြရန်က ဒီအတိုင်းတောင်မှ အခုသူအုပ်ချုပ်တဲ့ အနေအထားမှာ ဒီအတိုင်းတောင် ဘယ်လိုမှစိတ်မချရတဲ့ အနေအထားပေါ့။ အခုလမ်းမီးတွေဘာတွေ မရှိတော့ဘူးဆိုတော့ တိုင်း ပြည်က ဘယ်လိုမှကိုယ့်အိမ်မှာ ကိုယ်နေတောင် လုံခြုံမှုမရှိတော့ဘူးပေါ့” ဟု ပြောသည်။

မော်လမြိုင်မြို့နယ်အတွင်း လမ်းမီးများကို စစ်ကောင်စီက ယူနစ်ပျောက်ဆုံးမှု အကြောင်းပြချက်နှင့် လိုက်လံ ဖြုတ်သိမ်းမှုအပေါ် ဒေသခံပြည်သူလူထုအကြားမှာ ဝေဖန်မှုများ မြင့်တက်နေသည်။

မော်လမြိုင်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက မိမိတို့ ရပ်ကွက်များအတွင်း လမ်းမီးအတွက် မီတာများ တပ်ဆင်လိုပါက လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးကို ဆက်သွယ်အကြောင်းကြားပြီး ဆောင်ရွက်နိုင်သည်ဟု ထုတ်ပြန်ချက်ထဲ ပါရှိသည်။

ထိုသို့ထုတ်ပြန်ထားသော်လည်း မော်လမြိုင်မြို့ခံ ပြည်သူများသည် နွေရာသီကာလထက် လက်ရှိ မိုးတွင်းကာလ အတွင်း၌ပင် လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်မှုနှင့် ကြုံနေကြရသည်။

လျှပ်စစ်မီးဆိုးဆိုးရွားရွား ပြတ်တောက်လာသောကြောင့် ကုန်ကျစရိတ်ကြီးမြင့်မှု အပါအဝင် လူမှုဒုက္ခ အခက်အခဲပါ ထပ်မံရင်ဆိုင်လာနေကြရသည်ဟု မြို့ခံများက ပြောသည်။

Most read this week

October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...
October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...