ရေဘေးသင့်ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေကြောင်း AA ပြော

ရေဘေးသင့်ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေကြောင်း AA ပြော
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် ဩဂုတ်လ ၇ ရက်နေ့က ဒီရေမြင့်တက်လာစဉ်။
ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် ဩဂုတ်လ ၇ ရက်နေ့က ဒီရေမြင့်တက်လာစဉ်။

ရခိုင်ပြည်အတွင်းက ရေဘေးသင့်ပြည်သူများမှာ စားနပ်ရိက္ခာ၊ ဆန်၊ ဆီ၊ ဆေးဝါး၊ သောက်သုံးရေ အကူအညီ များ အရေးပေါ်လိုအပ်နေသေးကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)က ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန် သည်။

ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးနားချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့များအနေဖြင့် လေဘေး၊ ရေ ဘေးသင့် ရခိုင်ပြည်သူများအတွက် စားနပ်ရိက္ခာအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ မျိုးစပါးနှင့် ကျန်းမာရေး အတွက် ကူညီပေးကြရန် AA က တောင်းဆိုထားသည်။

“ရေကြီးမှုရဲ့ အကျိုးဆက်အနေနဲ့ ကျန်းမာရေး ရှုထောင့်အရ ဝမ်းပျက်ဝမ်းလျောရောဂါ၊ အဆုတ်ရောင်၊ အဆုတ် ပွရောဂါဖြစ်တာ၊ နှာစေး၊ ချောင်းဆိုး အအေးမိတာတွေ ဖြစ်ပွားလာနိုင်ပါတယ်” ဟု AA က ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ကာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့တွင် နေအိမ်စုစုပေါင်း ၂၈,၀၇၂ ဆောင် ရေလွှမ်းမိုးခံခဲ့ပြီး လူ ၆ ဦးသေဆုံးသွားကြောင်း AA ၏ စာရင်းတွင် ဖော်ပြသည်။

ထို့အပြင် ကျွဲ၊ နွား၊ ဆိတ်၊ ဝက် အကောင်ရေ ၁၃၉ ကောင်သေဆုံးပြီး ရေကန် ၈၅ ကန်၊ တံတား ၃ စင်း၊ တာတမံ ၅ ခုပျက်စီးကာ လယ်ဧက (၇) သောင်းကျော် ပျက်စီးဆုံးရှုံးသွားကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထား သည်။

လေဘေးနှင့်ရေဘေးဒဏ်ကို ဆက်တိုက်ရင်ဆိုင်ခဲ့ရသော ရခိုင်ပြည်သူများမှာ မူလအတိုင်း နေထိုင်စားသာက် နိုင်ရေး စိန်ခေါ်မှုများစွာရှိနေကြောင်း လူမှုကူညီရေးသမားများက ပြောကြသည်။

“နိုင်ငံတကာအဖွဲ့တွေရဲ့ ကူညီမှုကို ပိတ်ပင်ထားတော့ ပိုပြီးဆိုးတယ်။ သူတို့(စစ်ကောင်စီ) ကိုယ်တိုင်လည်း ထိထိ ရောက်ရောက် မကူညီဘူး။ သူများကိုလည်းကူညီခွင့်မပေးဘူး။ ဆိုတော့ ပြည်သူတွေမှာ နာလန်ထူဖို့ စိန်ခေါ်မှု တွေ အများကြီးရှိနေပါတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်နေသည့် ဦးခိုင်ကောင်းစံက ပြောသည်။  

မုန်တိုင်းသင့် ပြည်သူများအား စစ်ကောင်စီက ကူညီထောက်ပံ့မှု အလွန်နည်းပါးနေသေးပြီး လက်တလော ရေကြီးရေလျှံမှုတွင်လည်း ကူညီထောက်ပံ့မှုများ နည်းပါးနေသေးကြောင်း ရခိုင်ဒေသခံများက ပြောကြသည်။

ရေကြီးရေလျှံမှုကြောင့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်စခန်းအချို့တွင် နေအိမ် ၃၇၀ ကျော် ပျက်စီးသွားခဲ့ပြီး ပြန်ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေသည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးသန်းအေးက “အရေးတကြီးလိုတာက နေ အိမ်တွေ ပြန်ဆောက်ဖို့ သစ်၊ ဝါးတွေလိုပါတယ်။ အခု ယိုင်နေတဲ့အိမ်မှာ ဒီအတိုင်း နေနေကြရတယ်။ မုန်တိုင်း၊ ရေဘေးနဲ့ အဘက်ဘက်က နစ်နာခဲ့ရတဲ့ စစ်ဘေးရှောင်တွေအတွက်တော့ တွေးပူစရာတွေပါ” ဟု ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့်  “ မိုခါ “ဆိုင်ကလုန်းမုန်တိုင်းကြောင့်လည်း ရခိုင်ပြည်မြောက်ပိုင်း မြို့ နယ်များတွင် အိမ်ခြေစုစုပေါင်း ၂၉၀,၀၀၀ နီးပါးပျက်စီးသွားပြီး ပြည်သူ ၁၅ သိန်းကျော် ထိခိုက်နစ်နာခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

Most read this week

October 28, 2024
စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီက လမ်းခရီးပတ်ဆို့ထားမှုကြောင့်...
October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...