ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် မွတ်ဆလင်သားဖနှစ်ဦး စီးလာသည့် အိမ်စီးကားတစ်စီးကို အာဆာ (ARSA) အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က မီးရှို့ပြီး ကားပေါ်ပါ သားဖနှစ်ဦးလုံးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ မောင်တောမြို့နယ် မြောက်ပိုင်းရှိ စံပယ်ကုံးမွတ်ဆလင်ကျေးရွာမှ ဦးလှဝင်းနှင့် သူ၏ဖခင်ဖြစ်သူ ဦးဆော်လိမ်မူလာတို့ ဖြစ်သည်။
သူတို့နှစ်ဦးသည် သြဂုတ်လ ၁၂ ရက်နေ့၊ ညနေ ၆ နာရီခန့်တွင် စံပယ်ကုန်းကျေးရွာမှ ကြိမ်ချောင်းကျေးရွာသို့ သွားစဉ် လောင်းဒုံနှင့် ကြိမ်ချောင်းကျေးရွာကြား လမ်းဘေး၌ ARSA အဖွဲ့ဝင် ၂ဝ ကျော်က လက်နက်များဖြင့် စောင့်ဆိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။
အဆိုပါလမ်းသည် လောင်းဒုံကျေးရွာမှ ကျောင်းသူ၊ ကျောင်းသားများ ကြိမ်ချောင်းကျေးရွာသို့ သွားရောက် ကျောင်းတက်ရာတွင် အသုံးပြုသွားလာနေရသည့် လမ်းဖြစ်သည်။
ယခု အခင်းမဖြစ်မီ နာရီပိုင်းအလိုတွင် ကျောင်းသူ၊ ကျောင်းသားများကို မိဘများက ကျောင်းကြို၍ပြန်လာစဉ် ARSA လက်နက်ကိုင် ၅ ဦးနှင့် အခင်းဖြစ်သည့်နေရာ၌ ကနဦးစတင်ဆုံတွေ့ခဲ့ကြသည်ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
“ကြိမ်ချောင်းကလာတဲ့သူတွေ အားလုံးကို၊ အဲဒီလမ်းက ဖြတ်တဲ့သူတွေ အားလုံးကို ဆိုင်ကယ်တွေ၊ သုံးဘီးတွေ ကို ရပ်ခိုင်းပြီး သော့တွေကို သိမ်းလိုက်တယ်။ ပြီးရင် ဗမာစကားနဲ့လည်း ပြောပါသေးတယ်။ မင်းတို့ကို ဘာမှ မလုပ်ဘူး။ မင်းတို့နဲ့ မဆိုင်ဘူး။ မင်းတို့ ခဏလေးပဲ သည်းခံဘာညာဆိုပြီးတော့ ပြောပါတယ်” ဟု ပြောသည်။
ထို့နောက် အဖမ်းခံရသည့် သားဖနှစ်ဦး၏ ကားလာသည်နှင့် သိမ်းထားသည့် သော့များကို ပြန်ပေး၍ ကျောင်း သားမိဘများနှင့် ခရီးသွားများကို လွှတ်ပေးလိုက်သည်။
ကားလာသည်နှင့် အနီးတွင် ကင်းပုန်းဝပ်နေသည့် နောက်ထပ် ARSA အဖွဲ့ဝင် ၂ဝ ခန့်လည်း အနီးသို့ ထပ်မံ ရောက်ရှိလာပြီး ထိုကားကို ရပ်တန့်ခိုင်းကာ မီးရှို့ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
“သူတို့(ဖမ်းဆီးခံရတဲ့သားဖ)က ရွာမှ မအိပ်ရဲဘူး။ ညနေတိုင်ရင် ကြိမ်ချောင်းကို သွားအိပ်တယ်လို့ သိရပါတယ်။ အဲ့လိုသွားအိပ်တာ ကြာပြီ။ သူတို့ အဲဒီမှာ သွားအိပ်မဲ့အချိန်ကို သူတို့ (ARSA)က သိတယ်။ ဒါကြောင့် လမ်းမှာ စောင့်နေတာ။ ဟိုက လာတာနဲ့ ကိုယ့်ဟာကိုယ်ယူကြတော့ဆိုပြီး သိမ်းထားတဲ့ သော့တွေကို လမ်းကိုပစ်ချလိုက် တယ်။ ပြီးမှ သူတို့ ကားကို ရပ်ခိုင်းပြီး မီးရှို့တာ။ ဒါကို သော့တွေသိမ်းဆည်းခံရသူတွေလည်း အကုန်မြင်ခဲ့ကြ တယ်” ဟု ပြောသည်။
ထို့သို့ ကားကိုမီးရှို့ပြီးသည်နှင့် အဆိုပါ သားဖနှစ်ဦးကို ဖမ်းဆီးကာ မောင်တောမြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု ဘက်သို့ ကုန်းလမ်းအတိုင်း လမ်းလျှောက်ခေါ်ဆောင်သွားကြသည်ကို တွေ့လိုက်ရသည်ဟုလည်း သူက ဆက်ပြောသည်။
“မြို့သစ်ဘက်ကဖြတ်ရင် ရေတွင်းပြင် မွတ်ဆလင်ရွာရှိမယ်။ ရေတွင်းပြင်နဲ့ ခြံစည်းရိုးနဲ့ ကပ်ရပ်လေ။ သူတို့ ခြံစည်းရိုးနားကိုရောက်ရင် ဟိုဘက်ကိုရောက်ပြီလေ” ဟု ပြောသည်။
စံပယ်ကုံးမွတ်ဆလင်ကျေးရွာမှ ဦးလှဝင်းနှင့် သူ၏ဖခင်ဖြစ်သူ ဦးဆော်လိမ်မူလာတို့ နှစ်ဦးကို ယခုကဲ့သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းမှာ ARSA နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် စီးပွားကိစ္စကြောင့် ဖြစ်နိုင်သည်ဟုလည်း မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက သုံးသပ်သည်။
“သူတို့ စီးပွားရေးကိစ္စကြောင့်ပဲလို့ သိရတယ်။ မနေ့က ဖြစ်ခဲ့တဲ့ကိစ္စက စီးပွားရေးကိစ္စ၊ သူတို့က စီးပွားရေး အရှုပ်အရှင်းတွေ ARSA နဲ့ရှိလိမ့်မယ်။ အဲ့လိုပဲ ထင်ရပါတယ်။ တခြားကိစ္စတွေတော့ မဟုတ်ပါဘူး”ဟု ပြော သည်။
ယခုအခင်းဖြစ်ပွားခဲ့သည့် နေရာအနီး ၁ မိုင်ခန့်အကွာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရေး အတွက် အိန္ဒိယအစိုးရက ဆောက်လုပ်ပေးထားသည့် နေအိမ်များ ရှိသည်ဟု ဒေသခံများက ပြောသည်။