ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်ပျက်စီးမှုရှိ

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်ပျက်စီးမှုရှိ

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က လေယာဉ်မှ ၃ ကြိမ်ခန့် ဗုံးကြဲ တိုက် ခိုက်ခဲ့သည့်အတွက် ပျက်စီးမှုများ ရှိခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားများက ပြောသည်။

ဩဂုတ်လ ၂ ရက်နေ့ကစပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည့် ဒီးမော့ဆို- ဖရူဆို ပြည်ထောင်စု လမ်းမ ကြီး တစ်ကြောနှင့် အနီးအနားတစ်ဝိုက်ကို ဩဂုတ်လ ၁၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီဝန်းကျင် အချိန်ခန့်တွင် စစ်ကောင်စီက လေယာဉ်နှင့် နှစ်ကြိမ် အရင်ဆုံး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဩဂုတ်လ ၁၀ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီက ပေါင် ၅၀၀ တန်ချိန်ရှိ ဗုံးနှင့် ထပ်မံကြဲခဲ့ခြင်းကြောင့် ပျက်စီးမှု များပြားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနေ့က စစ်ကောင်စီက လေယာဉ်နဲ့ဗုံးလာကြဲတာ နှစ်ခေါက်၊ သုံးခေါက်လောက်ပေါ့နော။ ပထမတစ် ခေါက် က တော့ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ လာကြဲတယ်။ အဲ့ချိန်လာကြဲတာကတော့ တိုက်ပွဲဖြစ်တဲ့တကြော။ ဒီးမော့ဆို သဲတောင်ဖက် တကြောပေါ့နော။ တိုက်ပွဲဖြစ်တဲ့တကြောမှာပဲ သူတို့ကြဲသွားတယ်။ နောက်ထပ် တခေါက် ၄နာရီ ၁၀မိနစ် ၁၅ မိနစ်မှာ ထပ်လာကြဲတယ်။ ဒါပေမဲ့ အဲ့တစ်ခေါက်လာကြဲတော့ တိုက်ပွဲ ဖြစ်ပွားတာ မျိုးမရှိဘဲနဲ့ ဒီအတိုင်း ကြဲသွားတယ်။ အဲ့မှာ လူအထိအခိုက်တော့မရှိဘူး။ ပစ္စည်းအထိအခိုက်တော့ အများကြီး ရှိတယ်။ ပျက်စီးသွားတာတော့ အများကြီးရှိတယ်” ဟု ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ထိုကဲ့သို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အချိန်တွင် ဒေသခံစစ်ရှောင်များမှာ အချိန်မီ ဘေးလွှတ်သည့်နေရာသို့ ထွက်ပြေးနိုင်ခဲ့သောကြောင့် လူထိခိုက်မှုခဲ့ပေ။

သို့သော် နေအိမ်၊ ဆိုင်ကယ်၊ ဆန်ရိက္ခာများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဒေသခံစစ်ရှောင်များက ပြောသည်။

ထို့အပြင် ဩဂုတ်လ ၁၀ ရက်နေ့ ညပိုင်းတွင်လည်း စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း နေရာများကို လက်နက်ကြီးကျည်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည့်အပြင် ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ပိုင်းထိလည်း ပစ်ခတ်လျှက်ရှိရာ အထိအခိုက်တော့ မသိရှိရဘူးဟု ဆိုကြသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “မနက် ၉ နာရီခွဲမှာပဲ သူတို့(စစ်ကောင်စီ)က နှစ်ဆင့်ကွဲ လက်နက်ကြီးတွေနဲ့ သုံးကြိမ်ပစ်လာတယ်” ဟု ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ပြောသည်။

စစ်ကောင်စီတပ်က ဒီးမော့ဆို- ဖရူဆို ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ကို ထိန်းချုပ်နိုင်ရန်အတွက် အင်အားအများအပြားနှင့် ထိုးစစ်ဆင် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး အကျအဆုံးများခြင်းကြောင့် လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်ဟု မြေပြင်မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

“သူတို့(စစ်ကောင်စီ) ဒီလိုမျိုး တိုက်ပွဲဖြစ်ပွားတဲ့နေရာကို နှစ်ခေါက်လာကြဲပြီးတော့မှ နောက်တစ်ခါကျတော့ တိုက်ပွဲမဖြစ်ဘဲနဲ့ ဒီတိုင်း နေနေတဲ့ နေရာကို ပြည်သူလူထုနေတဲ့နေရာ ဒီးမော့ဆို အနောက်ဘက်ခြမ်းကို ဗုံးလာ ကြဲသွားတာ။ သူတို့လုပ်ရပ်ကို ကြည့်မယ်ဆိုရင် စစ်မြေပြင်မှာ သူတို့ စစ်ကောင်စီတွေ အကျအဆုံးများ နေတယ် ဆိုတာ ပြောလို့ရတယ်ပေါ့နော” ဟု ပြောသည်။

လက်ရှိတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် နေရာနှင့် အနီးတစ်ဝိုက်ကို အရပ်သား လူထုများအနေဖြင့် ဖြတ်သန်း သွားလာမှု မပြုလုပ်ကြဖို့၊ စစ်ရေးသတိရှိကြဖို့ KNDF  က တိုက်တွန်းထားသည်။

တိုက်ပွဲအတွင်း လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အထိအခိုက်နှင့် ပျက်စီးဆုံးရှုံမှုများနှင့် ပတ်သက်၍ ကန္တာရဝတီတိုင်း(မ်) အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို တော်လှန်ရေးအင်အားစုများ ဘက်က လည်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။

တိုက်ပွဲများ၊ လေကြောင်းသုံး တိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများကြောင့် အထိ အခိုက်နှင့် ပျက်စီးဆုံးရှုံမှုများကို အတည်ပြုနိုင်ရန် ခက်ခဲနေသောကြောင့် ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

Most read this week

October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...
October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...
October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...
October 25, 2024
ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊...