ပြည်သူများကို နိုင်ထက်စီးနင်းလုပ်သည့် PDF ရဲဘော်များကို ပြတ်ပြတ်သားသား ဖယ်ရှားမည်ဟု ဦးရည်မွန်ပြော

ပြည်သူများကို နိုင်ထက်စီးနင်းလုပ်သည့် PDF ရဲဘော်များကို ပြတ်ပြတ်သားသား ဖယ်ရှားမည်ဟု ဦးရည်မွန်ပြော
ဓာတ်ပုံ - NUG
ဓာတ်ပုံ - NUG

ပြည်သူ့ကာကွယ်ရေးတပ် PDF ဝင်များအနေဖြင့် လက်နက်ကိုင်ပြီး ပြည်သူများအပေါ် နိုင်ထက်စီးနင်းလုပ်ပါက ပြတ်ပြတ်သားသား ဖယ်ရှားပစ်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်သည်။

PDF များသည့် အသက်စွန့်တိုက်ပွဲဝင်နေရခြင်း ဖြစ်သည့်အတွက် PDF တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူထက် ခေါင်းတလုံး ပိုမြင့်သည်ဆိုသော အတွေးအခေါ်ကို ဖယ်ထားကြပြီး လက်နက်ကိုင်ကာ ပြည်သူများ အပေါ် နိုင်ထက်စီးနင်းလုပ်သည့် ရဲဘော်များကို ပြတ်ပြတ်သားသားဖယ်ရှားပစ်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူး သင်တန်း အပတ်စဉ်(၂) သင်တန်းသားရဲဘော်များကို ဝန်ကြီးက အမှာစကားထဲ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ငါတို့ကိုင်ထားတဲ့ သေနတ်က ပြည်သူက သူ့ချွေးနည်းစာနဲ့ စုဆောင်းပြီး တပ်ဆင်ပေးထားတာ ဖြစ်တယ်။ ငါတို့ စားနေတဲ့ထမင်းကလည်း ပြည်သူကျွေးထားတာပဲ ဖြစ်တယ်။ လက်နက်ကိုင်ပြီး ပြည်သူ အပေါ် ရမ်းကားတာ၊ ပြည်သူကို နိုင့်ထက်စီးနင်း လုပ်တာထက် စက်ဆုပ်စရာကောင်းတဲ့ အပြုအမူ ရှိမှာ မဟုတ်ဘူး။ ဒီလို အမူအကျင့် မျိုးရှိတဲ့ စုန်းပြူးတွေ PDF တပ်မတော်ထဲ ခိုအောင်းနေရင်လည်း ပြတ်ပြတ်သားသား ဖော်ထုတ် ဖယ်ရှားပစ်ကြ ရမှာ ဖြစ်တယ်” ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

ထို့အပြင် ပြည်သူများ၏ ထောက်ခံပါဝင်မှုကြောင့်သာ ပြည်သူ့စစ်မဟာဗျူဟာကို ခင်းကျင်းနိုင်ခြင်းဖြစ်ပြီး အဆိုပါ မဟာဗျူဟာကြောင့် ရန်သူများ ထွက်ပေါက်ပိတ်ပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေး အဘက်ဘက်က ချွတ်ခြုံကျကာ အသက်ရှုကျပ်နေခြင်း ဖြစ်သည်ဟု ဝန်ကြီးက ဆိုသည်။

ထိုသို့ အရေးနိမ့်မှုများကြောင့် စစ်ခေါင်းဆောင်က တရားခံရှာသည့်အနေဖြင့် ဇာတ်တူသားချင်း ဖြုတ်ထုတ်သတ် လုပ်နေခြင်းဖြစ်ပြီး အသက်ရှုကျပ်နေသည့် စစ်ကောင်စီကို အသက်ရှုရပ်သည်အထိ ဖိအားပေး တိုက်ခိုက်ကြဖို့ လည်း PDF ရဲဘော်များကို တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆောမြို့နယ်(ပ.က.ဖ) ဒုခေါင်းဆောင်က ပြည်သူများကို ရိုက် နှက်တာမှုများ ရှိခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး သက်ဆိုင်ရာက အရေးယူထားသည်ဟု ကာကွယ်ရေးဝန်ကြီး ဌာနက အသိပေးထားသည်။

PDF ရဲဘော်များအနေဖြင့် ကိုယ်တိုင် တိုက်ပွဲဝင်ရင်း အချိန်ရရင်ရသလို ပြည်သူများကို အလုပ်အကျွေးပြုကြရန် နှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များကိုပါ ပါဝင်ကူညီပေးကြပြီး လူထုစည်းရုံး  လှုံ့ဆော်မှုများ လုပ်ကြဖို့လည်း ဆိုထားသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) သည် အချိန်(၂) နှစ်ကျော်ကာလအတွင်း အခြေခံ စစ်ပညာ သင်တန်း၊ အကြပ် အဆင့် စစ်ပညာသင်တန်း၊ မိုင်း၊ လက်နက်ကြီး၊ ဒရုန်း၊ စနိုက်ဘာ၊ ထုတ်လုပ်ရေး၊ ဦးရေးထောက်၊ မဟာဗျူဟာ နှင့် နည်းဗျူဟာအဆင့် သင်တန်းများကို ပို့ချနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် တပ်ခွဲမှူးသင်တန်းများကိုပါ ဖြစ်မြောက် အောင် စီစဉ်နိုင်ပြီဖြစ်သည့်အတွက် ကူညီပေးခဲ့သည့် မဟာမိတ် အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရမည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့သည်။

ဓာတ်ပုံ - NUG

Most read this week

October 30, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ...
October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...
October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...