မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၁၅၀ ကျော်ရှိ ၃ ဦးသေဆုံး

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၁၅၀ ကျော်ရှိ ၃ ဦးသေဆုံး

မွန်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ ၁၁၅၇ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ စာရင်များအရ သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု အများဆုံးသည် မော်လမြိုင်မြို့နယ်ဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၂၃၉ ဦးရှိပြီး၊ ဒုတိယအများဆုံးသည် ပေါင်မြို့နယ်ဖြစ်ပြီး ရောဂါဖြစ်ပွားသူပေါင်း ၁၈၈ ဦးရှိကြောင်းနှင့် တတိယ အဖြစ် အများဆုံးသည် ကျိုက်မရောမြို့နယ်ဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၁၃၇ ဦးရှိသည်။

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၃ ဦးတွင် ပေါင်မြို့နယ်မှ ကလေးငယ်တစ်ဦး၊ သံဖြူဇရပ်မြို့နယ်မှ ကလေးတစ်ဦးနှင့် ကျိုက်ထိုမြို့နယ်မှ ကလေးတစ်ဦး သေဆုံးခဲ့သည်။

ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “လက်ရှိ ရာသီဥတုအခြေအနေက မိုးရွာလိုက် နေပြန်ပူလိုက်ဖြစ်နေတော့ မိမိရဲ့နေအိမ်နဲ့ ပတ်ဝန်းကျင်မှာ ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်နဲ့ ဆောင်ရွက်ထား ကြဖို့ လိုအပ်သလို၊ အဓိကက ကလေးတွေကို ခြင်ကိုက်မခံရအောင် သတိပြုကြဖို့ တိုက်တွန်းလိုပါတယ်။ ကလေးတွေ ဖျားနာကြမယ်ဆိုရင်လည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အချိန်မီ ပို့ဆောင်ပေးပြီး ဆေးကုသမှု ခံယူ ကြဖို့ အတွက်ကိုလည်း တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

ယခုနှစ်တွင် သွေးလွန်တုပ်ကွေး ရောဂါ ကူးစက်ဖြစ်ပွားမှု များလာနိုင်သည့်အတွက် အထူးသတိပြုရန် လိုအပ် ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကူးစက် ဖြစ်ပွားသူပေါင်း ၂၀၀၀  ကျော် ရှိခဲ့ပြီး၊ သေဆုံးသူ ၁ ဦး ရှိခဲ့သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာရှိ စာရင်းများအရ သိရသည်။

သွေးလွန်တုပ်ကွေးနှင့် ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနေဖြင့် ပြည်သူလူထု အခြေပြုသည့်စနစ်၊ ကျောင်းအခြေပြုသည့် စနစ်၊ ရောဂါဖြစ်ပွားသည့် ကလေးလူနာ တစ်ဦးတစ်ယောက် တွေ့ရှိပါက စောင့်ရှောက်ရ မည့်စနစ် စသည့် စနစ် ၃ မျိုးဖြင့် ဆောင်ရွက်နေပါကြောင်း‌ ဆိုသည်။

ထို့အပြင် ရောဂါခံစားနေရသည့် ကလေးများ အသက်အန္တရာယ် စိုးရိမ်ရသည့် လက္ခဏာ ရှိလာပါက စောစီးစွာ လွှဲပြောင်းနိုင်ရေး အတွက်ကိုလည်း မြို့နယ်တိုင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အားလုံးကို စည်းရုံးပြီး လုပ်ဆောင်နေကြောင်းလည်း ပြောသည်။

မိုးတွင်းကာလတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ပြည်သူ့ ကျန်းမာ ရေးဌာနမှ ပညာပေးလုပ်ငန်းများ၊  ခြင်နှိမ်နင်း ကာကွယ်ရေး လုပ်ငန်းများနှင့် ပိုးလောက်လန်း သတ်ဆေး ခပ်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်ရှိ ရပ်ကွက် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။

ပြည်သူများ အနေဖြင့်လည်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် မိမိတို့ နေအိမ် ပတ်ဝန်းကျင်တွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန် လုပ်ဆောင်ရန်လည်း လိုအပ်သည်ဟု ပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိ သူများက တိုက်တွန်းနှိုးဆော်ထားသည်။

October 25, 2024
မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့်...
October 24, 2024
တိုက်ပွဲများပြင်းထန်နေသော တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လမ်း ကြောင်း...
October 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လက်ပြင်တွင်...
October 23, 2024
မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို...