ကုန်မဝင်တော့တဲ့ မော်ချီးဒေသမှာ ဆန်တစ်အိတ်ကို ၂သိန်းဝန်းကျင်အထိပေးဝယ်နေရ

ကုန်မဝင်တော့တဲ့ မော်ချီးဒေသမှာ ဆန်တစ်အိတ်ကို ၂သိန်းဝန်းကျင်အထိပေးဝယ်နေရ

ကယား (ကရင်နီ) ပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကုန်ဈေးနှုန်း ပိုမိုမြင့်တက်လာနေပြီး ဆန်တစ်အိတ်ကို နှစ်သိန်းဝန်းကျင် အထိ ပေးဝယ်ရသည်ဟု မော်ချီး ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အခု ဆန်ဈေးတွေက ရိုးရိုးဆိုရင် တစ်သိန်းလေးသောင်း ဝန်းကျင်ပေါ့နော်။ ပေါ်ဆန်းမွှေးတို့ ဆိုရင် တစ်သိန်း ခုနှစ်သောင်း အထိတော့ တက်သွားတယ်။ ဆီဆိုရင် ပုံမှန်ဈေးနှုန်းထက်ပိုပြီးတော့ တက်သွား တယ်ပေါ့။ အရင် ကဆိုရင် ၁ပိဿာဆိုရင် အစ နိုင်ငံရေးအခြေအနေမဖြစ်ခင်ကဆိုရင် တစ်ဗူးကိုမှ (၁၈၀၀) လောက် ပဲ ရှိတယ်။ အခုဆိုရင် တစ်ဗူးကို (၈၀၀၀)လောက်ရှိပြီပေါ့နော်။ ဒီ အေးသူဇာ(ဆီအမည်)တို့ ခု ၁ပိဿာ ဆို (၁၀၀၀၀) ကျော် လောက်ရှိသွားပြီပေါ့နော်။ ကြက်ဥတွေကတော့ (၁)လုံး (၅၀၀)ပေါ့နော်” ဟု ပြောသည်။

မော်ချီးဒေသတွင် ကျေးရွာအလိုက် ကုန်ဈေးနှုန်းကွာခြားနိုင်ပြီး ဆန်တစ်အိတ်ကို ကျပ်တစ်သိန်းကျော်မှ ကျပ် နှစ်သိန်းဝန်းကျင်အထိ အသီးသီး စျေးနှုန်းရှိကာ အခြားသော အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများလည်း ဈေးနှုန်းမြင့်မားနေသည်ဟု ဆိုကြသည်။

အဓိက ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းဖြစ်သည့် လွိုင်ကော် - ဒီးမော့ဆို - ဒေါတမကြီး - ဘောလခဲ - ဖား ဆောင်း လမ်းမကြီးကို စစ်ရေးအခြေအနေကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလကစတင်၍ သွားလာလို့ မရတော့ သဖြင့် ကုန်ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်ခဲ့သည်။

လက်ရှိ သွားလာလို့ရသည့် လမ်းကြောင်းကလည်း မိုးရာသီကာလဖြစ်နေသည့်အတွက် အခက်အခဲရှိနေခြင်း ကြောင့် မော်ချီးဒေသကို ဩဂုတ်လ ပထမပတ်ကစတင်ပြီး ကုန်စည်မရောက်လာတော့ဘူးဟု ဆိုကြသည်။

မော်ချီးဒေသတွင် ခဲလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်စားသောက်နေရခြင်း ဖြစ်ပြီး လက်ရှိမိုးရာသီကာလတွင် လုပ်ငန်းများ ရပ်နားထားရတဲ့ အခြေခံအလုပ်သမားများ အတွက် အခက်အခဲဖြစ်နေရသည်။

အခြေခံစားသောက်ကုန်များ ဈေးမကျဘဲ ပိုမို မြင့်တက်နေခြင်းကြောင့် တရက်လုပ် တရက်စား အခြေခံ လူတန်း စားများမှာ အဆင်မပြေ ဖြစ်နေကြရသည်ဟု ဒေသခံများက ပြောသည်။

မော်ချီးဒေသခံ အမျိုးသမီးတစ်ဦးက “ကျမတို့အနေနဲ့  ဝယ်နိုင်တဲ့လူရှိတယ် ဒီဖက်မှာ တချို့ကတော့ မဝယ်နိုင် ဘူး ပေါ့နော်။ ဥပမာ ခဲ လုပ်တဲ့လူကတော့ ဝယ်နိုင်ကောင်းဝယ်နိုင်မယ်။ သို့သော်လည်း တနေ့စား တရက်လုပ်တဲ့ သူအဖွဲ့က သူတို့မဝယ်နိုင်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဈေးနှုန်းက သူတို့ လုပ်ငန်းအပေါ်နဲ့ သူတို့ဝယ်စားရတဲ့ အခုလက်ရှိအခြေအနေကတော့ အဆင်မပြေမှုတွေ များစွာရှိတယ်။ အခက်ခဲတွေရှိတယ်ပေါ့နော်။ သူတို့ အတွက်လုံလောက်မှုတွေ မရှိဘူးပေါ့နော်” ဟု ပြောသည်။

မော်ချီးဒေသနှင့် အနီးဆုံးမြို့ဖြစ်သည့် ဖားဆောင်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီတော် လှန်ရေး အင်အားစုများအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး သွားလာရေး လမ်းကြောင်းက လည်း ခက်ခဲနေဆဲဖြစ်သည့်အတွက် ကုန်ဈေးနှုန်း ပိုမိုမြင့်တက်လာမှာကို ဒေသခံများက စိုးရိမ်ပူပန် နေကြ သည်။

October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...
October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...
October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...