ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရေကြီးနေ သည့် လေးမြို့မြစ်တွင် ရေနစ်သေဆုံးသွားခဲ့သည်။
သြဂုတ်လ ၆ ရက်နေ့က လေးမြို့မြစ်ရေ မြင့်တက်နေချိန်တွင် သာစည်ကျေးရွာမှ ပြင်ယောင်း ကျေးရွာသို့ စက်လှေဖြင့် ပြန်လာစဥ် ရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်း ပြင်ယောင်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးဝေလှအောင်က ပြောသည်။
“မနေ့က ၁၂ နာရီလောက်နေ သာစည်မှာ ပိုက်ဆံပေးစရာရှိတယ်ဆိုပြီး ထွက်သွားတယ်။ သာစည်က ညနေ ၅ နာရီ ကျော်လောက်မှာ ပြင်ယောင်းကို ပြန်လာတဲ့ အချိန် မြုပ်တယ်လို့ သိရတယ်။ သားမိ သုံးယောက် သွားကြ တာ။ နှစ်ယာက်သေတယ်။ တစ်ယောက်က အမြင့်မှာ တက်ပြီ ကျန်ခဲ့လို့ လွတ်သွားတယ်လို့ သိရတယ်” ဟု ပြောသည်။
သေဆုံးသွားသူ နှစ်ဦးမှာ ဒေါ် ဝင်းကျန်ကြည် အသက် ၃၅ နှစ်နှင့် သားငယ်ဖြစ်သူ မောင်မျိုးဝင်းကို အသက် ၅ နှစ်တို့ဖြစ်ပြီး သားကြီးဖြစ်သူ မောင်မျိုးဝင်းထွန်း အသက် ၇ နှစ်မှာ လွတ်မြောက်ခဲ့သည်။
“ကျန်ခဲ့တဲ့ ကလေးက ချုံပုတ်ထဲမှာ အော်ငိုနေတယ်လို့ ပြောတယ်။ အဲ့ဒီမှာ ရွှေတောင် ရွာသားတွေက ငါးဖမ်း ပစ် သွားချတဲ့အချိန် တွေ့တာ။ အဲ့အချိန်ကျမှ ကယ်ဆယ်ကြတာလေ” ဟု ပြင်ယောင်း အုပ်ချုပ်ရေးမှုးက ဆက် ပြောသည်။
သာစည်မှ ပြင်ယောင်းကျေးရွာသို့ ညနေဖက် ၅ နာရီကျော်အချိန်ခန့်တွင် ပြန်လာစဥ် ရွှေတောင်ကျေးရွာအနီးတွင် ရေနစ်မြုပ်ပြီး အလောင်းကို ညနေ ၇ နာရီကျော် အချိန်ခန့်တွင် ရှာတွေ့ခဲ့ကြသည်။
ဒေါ်ဝင်းကျန်ကြည်၏ ခင်ပွန်းဖြစ်သူ ဦးမောင်ဝင်းထွန်းမှာ မလေးရှားတွင် အလုပ်လုပ်ကိုင်နေသည်။
ရေနစ်မြုပ်သေဆုံးသွားသည့် ဒေါ်ဝင်းကျန်ကြည်တို့ သားအမိနှစ်ဦး၏ ရုပ်အလောင်းများကို ဩဂုတ်လ ၇ ရက်နေ့၊ နံနက် ၉နာရီကျော်အချိန်ခန့်တွင် သင်္ဂြိုလ်ခဲ့ကြသည်။
ထို့အပြင် သြဂုတ်လ ၂ ရက်နေ့ကလည်း လေးပြင်းတိုက်ခတ်ခဲ့ပြီးနောက် လေးမြို့ မြစ်တစ်လျှောက် ရေကြီးခဲ့ရာမှ မင်းပြားနယ်နှင့် မြောက်ဦးနယ်များမှ ကျေးရွာအများအပြားရှိ ပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရသည်ဟု ဒေသခံများက ပြောသည်။