သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း ဖြစ်ပွားသည့် ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မ တော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ဩဂုတ် ၆ ရက်နေ့ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက် သေ ဆုံးမှုများ ရှိခဲ့သည်။
သြဂုတ်လ ၆ ရက်နေ့၊ နံနက် ၆ နာရီမှ စတင်လိုက်သည့် တိုက်ပွဲသည် နှစ်ဖက်တပ်ဖွဲ့၏ ထိတွေ့တိုက်ပွဲများသည် တစ်နေရာတည်း မဟုတ်သည့်အတွက် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ၂၀ ထက်မနည်း ရှိနိုင်ကြောင်း SSPP/SSA ၏ မြေပြင်အရာရှိက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
SSPP/SSA ၏ မြေပြင်အရာရှိ တစ်ဦးက “ဒီနေ့တိုက်ပွဲက သုံး / လေးနေရာလောက် ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ သက်ဆိုင်ရာ မြေပြင် တာဝန်ရှိသူတွေရဲ့ အစီရင်ခံစာအရ ဒီနေ့ စစ်ကောင်စီကျတာ ၂၀ ထက်နည်းမှာ မဟုတ်ဘူး၊ ကျနော်တို့ဘက်ကတော့ တစ်ယောက် ကျသွားတယ်၊ ခိုင်းဖက်နမ်နားက တပ်စခန်းကို သူတို့ဘက်က စလာ ချောင်းပစ်ဝင်လာတဲ့ အချိန်မှာ ထိသွားတာ” ဟု သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
သြဂုတ်လ ၆ ရက်နေ့တွင် လဲချားမြို့နယ် မက်လန်းကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲသည် နံနက် ၆ နာရီ ဝန်း ကျင်မှ ၈ နာရီဝန်းကျင်အထိ တစ်ကြိမ်၊ ၁၀ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ၁၂ နာရီဝန်းကျင်မှ မွန်းလွဲပိုင်း ၂ နာရီ ဝန်းကျင် အထိတွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် တိုက်ပွဲဖြစ်ခဲ့သည်။
လက်ရှိတွင် မြေပြင်အခြေအနေအရ ပစ်ခတ်သံများ ငြိမ်သက်နေသော်လည်း စစ်ရေးတင်းမာသည့် အနေအထား ရှိနေသည်။
ယင်းထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သော်လည်း စစ်ကောင်စီဘက်မှ ကျ ဆုံး နှင့် ထိခိုက်ဒဏ်ရာများသည့်အပြင် စစ်သုံးပန်းအဖြစ် တပ်သား ၂ ဦး၊ သေနတ် ၂ လက်၊ စစ်ကားတစ်စီးတို့ကို SSPP မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း SSPP/SSA မြေပြင် အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
SSPP/SSA မြေပြင် အရာရှိက “ဟုတ်ပါတယ်။ သူတို့ဘက်ကအကျအရှုံးများတယ်။ ၂ ဦးကို ကျနော်တို့ဖမ်းမိထား တယ်။ ပြီးတော့ သေနတ် ၂ လက်၊ ကားတစ်စီးကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်။ အခု သူတို့(စကစ) နမ့်တိန်း တံတားနားက တပ်သားတွေ မရှိတော့ဘူး၊ လက်ရှိက စစ်ရေးတင်းမာတဲ့ အနေအထားရှိနေတယ်” ဟု သျှမ်းသံ တော်ဆင့်ကို ပြောသည်။
အဆိုပါ ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံများသည် လဲချားမြို့ပေါ်ရှိ ဆွေမျိုး အသိအိမ် များထံသို့ စစ်ရှောင် ထွက်ပြေးကြရပြီး၊ အချို့က ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေထိုင် ကြရသည်။
ထွက်ပြေးတိမ်းရှောင်သူ ဒေသခံအမျိုးသမီးတစ်ဦးက “ကျမ တို့တော့ လဲချားမြို့မှာရှိတဲ့ ဆွေမျိုးဆီကို ပြေးလာ ရတာပေါ့။ တချို့ ဆိုင်ကယ်၊ ထော်လာဂျီ မရှိတဲ့သူတွေ တော့ ရွာမှာ ကျန်နေသေးတယ်။ ဒီလိုမျိုး တိုက်ပွဲဖြစ်တာ တစ်ခါမှ မကြုံဖူးတော့ တချို့လည်း ခြေတွေ၊ လက်တွေတုန်ပြီး မပြေးနိုင်တဲ့ သူလည်းရှိတယ်။ တချို့ သွေးတိုး သမားဖြစ်တဲ့သူတွေလည်း မပြေးနိုင်ဘဲ ရွာမှာကျန် နေသေးတယ်“ ဟု ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဟိုင်းဆိုင်အုပ်စု နှင့် မန်ဆေအုပ်စုရှိ ကျေးရွာနေ ပြည်သူများသည် မြို့ပေါ်ရှိ ဆွေမျိုး၊ မိတ်ဆွေထံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသော်လည်း ထွက်ပြေးတိမ်းရှောင်ရသည့် လူဦးရေ စာရင်းကိုတော့ မရှိရသေးပေ။
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA ၏ ထုတ်ပြန်ချက်အရ ဟိုင်းဆိုင်အုပ်စု ခိုင်းဖက်နမ် နမ့်ပေါက်ကျေးရွာ အနီးရှိ SSPP/SSA ၏ တပ်စခန်းကို အာဏာသိမ်း စစ်ကောင်စီတပ်မှ အင်အား ၇၀ ဖြင့် စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
အလားတူ လဲချားမြို့နယ် မန်ဆေအုပ်စု မက်လန်းရွာအတွင်း တပ်ဆွဲထားသည့် စစ်ကောင်စီတပ် ခမရ (၅၇၃) ကို ပြန်လည် ခုံခံစစ်ဆင်ခဲ့သည့်အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပိုမို ပြင်းထန်နေလျက်ရှိကြောင်း ထုတ်ပြန်ချက် ၌ ရေးသားဖော်ပြထားသည်။
ထို့အပြင် တိုက်ပွဲသည် စစ်ကောင်စီဘက်မှ SSPP ၏ တပ်စခန်း ၁၀ နေရာကို အကြိမ်ကြိမ်ဆုတ်ခွာခိုင်းခဲ့ရာ SSPP အနေဖြင့် ဌာနချုပ် လုံခြုံရေးအတွက် တပ်မဆုတ်ပေးနိုင်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ လာရောက်တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်ဟု ဆိုသည်။