ကရင်ပြည်နယ်၊ ဖားအံမြို့၊ သံလွင်တံတား ဖားအံတရုတ်လှ ရွာဘက်အခြမ်း စစ်ကောင်စီစစ်ဆေးရေး ဂိတ်နေ ရာတွင် ဇူလိုင်လ ၃၁ ရက်က ဗုံးပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးထိခိုက်ဒဏ်ရာရှိသူများစာရင်းကို သတင်း ထုတ်ပြန်ခြင်းမရှိဘဲ ဖုံးကွယ်ပြောဆိုမှုများရှိနေကြောင်း စစ်ကောင်စီနှင့်နီးစပ်သည့် ဖားအံမြို့ခံများက ပြော သည်။
စစ်ကောင်စီနှင့် နီးစပ်သူဖားအံဒေသခံတစ်ဦးက “သံလွင်တံတား ဗုံးပေါက်ကွဲတာက သေတာက အရပ်သား တစ် ယောက် သေတယ်ပဲ ထုတ်ပြောခိုင်းနေတာ၊ ရဲကြေးနန်းမှာလည်း အရပ်သားတစ်ယောက်သေ၊ စစ်တပ်ဘက်က ၇ ယောက် ဒဏ်ရာရတယ်ဆိုပြီး တင်ပြတယ်။ အမှန်တကယ်က အဲ့ပေါက်တဲ့နေရာမှာတင် စစ်တပ်၊ ရဲ၊ လဝက၊ ယာဥ်ထိန်းအဖွဲ့ထဲကနေ ၅ ဦး ထက်မနည်းသေတယ်ဆိုတာ အလောင်းကောက်၊ လူနာကောက်ပြီး တောင်က လေး ဆေးရုံပို့ပေးတဲ့ သူတွေ၊ ရဲဘက်က လူတွေက တဆင့်သိရတာ ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ဗုံးကွဲဖြစ်စဥ်ကြောင့် သေဆုံးသွားသူမှာ ဇွဲကပင်တောင်ခြေဘက် နေထိုင်သူ အသက် ၄၅ နှစ်ဝန်းကျင်အရွယ်ရှိ ကိုကျော်ဇင်လွင် ဖြစ်ကြောင်း သိရပြီး ကျေးရွာသုဿန်တွင် မြေချသင်္ဂြိုဟ်ပြီးစီးပြီဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူက ပြောသည်။
စစ်ကောင်စီတပ် လက်အောက်ခံဝန်ထမ်းများ သေဆုံးသင်္ဂြိုဟ်မှုနှင့် ထိခိုက်ဒဏ်ရာ ရရှိထားသည့် အခြေအနေ များကိုမူ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
“အခု အရပ်သားသေတာက စျေးရောင်းတဲ့သူ စျေးပစ္စည်းပို့တဲ့ ဆိုင်ကယ် ဘေးတွဲသမားသေတာ။ နောက်ထပ် အရပ်သားရော၊ သူတို့တံတားမှာ စစ်ဆေးတဲ့ စစ်တပ်အဖွဲ့တွေရော ထိခိုက်ကုန်တာ လူ ၂၀ ကျော်ရှိတယ်။ ဘယ် လောက် ထိခိုက်နိုင်မလဲဆိုတာ ပျက်စီးပြန့်ကြဲနေတာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ တောင်ကလေး ဆေးရုံ မှာလည်း ဒဏ်ရာပြင်းတဲ့ သူတွေရှိနေတယ်။ သတင်းတွေက ဖုံးထားတယ်။ နာရေးလုပ်ဖို့တောင် မသေချာဘူး ဖြစ်နေ တယ်” ဟု သေဆုံးသူအရပ်သား မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုဗုံးပေါက်ကွဲမှု ဖြစ်စဥ်အပြီး ဖားအံသံလွင်တံတား ဖြတ်သန်းခွင့်ကို ဇူလိုင်လ ၃၁ ရက်မှစတင်၍ နံနက် ၆ နာရီ မှ ည ၇ နာရီအထိသာ သွားလာခွင့် ပြောင်းလဲသတ်မှတ်ထားသည်။
လတ်တလော ဗုံးပေါက်ကွဲမှုဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီ ကရင်ပြည်နယ် တာဝန်ရှိသူများထံ တယ် လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးသလို စစ်တပ်၏ သတင်းပြန်ကြား ရေးဌာနများ အနေဖြင့် တရားဝင်သတင်းထုတ်ပြန်ခြင်းမျိုး မတွေ့ရသေးပေ။
ကရင်ပြည်နယ် ဖားအံမြို့တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် တော်လှန် ရေးအဖွဲ့များက မြို့တွင်း/မြို့ပြင် စစ်တပ်တပ်စွဲထားသည့် နေရာများတွင် တိုက်ခိုက်မှုများ လုပ်လျှက်ရှိရာ ၁၀ ကြိမ်ထက်မနည်း ရှိနေပြီ ဖြစ်ကြောင်း မြို့ခံများကဆိုသည်။
ထို့အပြင် ကရင်ပြည်နယ်အတွင်း အခြားမြို့နယ်များနှင့် ကျေးရွာများဘက်တွင် ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု များ၊ စစ်စခန်းကျဆုံး၊ စွန့်လွတ်ရမှုများအား သတင်းထုတ်ပြန်ပြောဆိုမှုများ မရှိသေးကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးဌာန အချက်အလက်များအရ သိရှိရသည်။
လက်ရှိတွင် ဗုံးပေါက်ကွဲမှုဖြစ်ထားသည့် သံလွင်တံတား လုံခြုံရေးဂိတ် စစ်ဆေးရေးနေရာ အဆောက်အအုံများ အား ပြန်လည် ပြင်ဆင်နေပြီး စစ်အင်အားတိုးချဲ့ကာ လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမေးမြန်းသည့် ကိစ္စများ ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသတွင်း သံလွင်တံတား ဖြတ်သန်းသွားလာနေသူများက ပြော သည်။