အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်ကို စစ်ကောင်စီအင်အားသုံး ချိပ်ပိတ်

အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်ကို စစ်ကောင်စီအင်အားသုံး ချိပ်ပိတ်
ချိပ်ပိတ်ခံရသည့်နေအိမ်နှင့် ဒေါ်မြခွာညိုဦး (ပုံဟောင်း)
ချိပ်ပိတ်ခံရသည့်နေအိမ်နှင့် ဒေါ်မြခွာညိုဦး (ပုံဟောင်း)

ရွှေတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြခွာညိုဦး၏ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ဩဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လာရောက်ချိပ်ပိတ်သွားခဲ့သည်။

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်ရှိ မိသားစုပိုင် နေအိမ်ကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် အများအပြားက သေနတ်များနှင့်ချိန်ကာ ချိပ်ပိတ်သွားခြင်းဖြစ်သည်ဟု ဒေါ်မြခွာညိုဦးက မဇ္ဈိမကိုပြောသည်။

“အိမ်မှာက ဘယ်သူမှ မနေတော့တာ အာဏာသိမ်းပြီးကတည်းကပါ။ ကျွန်မတို့မိသားစုက ကျန်မိသားစုဝင်တွေ ကလည်း CDM ဝန်ထမ်းတွေ နောက်ပြီး အဖေကလည်း နိုင်ကျဉ်းဟောင်း။ မောင်တွေကလည်း ၈၈ ကျောင်းသား ဟောင်းတွေဆိုတော့ အစဉ်အဆက် နိုင်ငံရေးနဲ့မကင်းဘူး။ အာဏာသိမ်းပြီးနောက် ကျွန်မ ရွှေတောင်အိမ် ခဏ ပြန် ပစ္စည်းယူတာပဲ ရှိခဲ့တယ်။ အကုန် အိမ်မှာမနေပါဘူး” ဟု ဒေါ်မြခွာညိုဦး က ပြောသည်။

ဒေါ်မြခွာညိုဦးသည် အသက် ၅၆ နှစ်အရွယ် တက္ကသိုလ် ကထိကဟောင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် နှင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ရွှေတောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ နှစ်ကြိမ်ဆက် အနိုင်ရရှိခဲ့သူ ဖြစ်သည်။

စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် မိသားစုလိုက် တိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိတွင် မိသားစုဝင်အားလုံး လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေသည်။

ချိပ်ပိတ်သွားသည့်အိမ်သည် ဒေါ်မြခွာညိုဦး ပိုင်ဆိုင်သည့် အိမ်မဟုတ်ဘဲ မိသားစုပိုင် ဖြစ်သည်။ အိမ်တွင် တင် ထားသော NLD ဆိုင်းဘုတ်ကိုမူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကပင် စစ်တပ်က လာရောက် ဖြုတ်ချသွားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ဒေါ်မြခွာညိုဦးတို့ မိသားစုသည် ရွှေတောင်မြို့တွင် နိုင်ငံရေးဂုဏ်သိက္ခာ ကြီးမားပြီး အများ၏လေးစားမှုကို ရရှိထားသည်ဟု မြို့ခံများကပြောသည်။

“ဆရာမက အာဏာသိမ်းမှု ဖြစ်ကတည်းက သူတို့လိုက်ဖမ်းနေတော့ ရှောင်းတိမ်းနေရတယ် ထင်ပါတယ်။ ဒါကိုပဲ သူတို့ဘက်က ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး လိုသလို ပုဒ်မက တပ်မှာ။ ဆရာမကိုဆို တမြို့လုံးက လေးစား ချစ်ခင် ကြတယ်။  နိုင်ငံရေးမှာလည်း ပုံရိပ်ကောင်းတယ်။ စကစက သူတို့နဲ့ မပူးပေါင်းတဲ့ ကိုယ်စားလှယ်တွေဆို ဒီလိုပဲ အကျင့်ရုတ်နေကြပါ” ဟု အဆိုပါ မြို့ခံက ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ် ၁၇၁ ဦး၊ ပါတီဝင် ၃၃၃ ဦးတို့၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ က ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...