ဓနုတပ်ဖွဲ့နှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ ရွာငံဒေသခံ ၄ ဦးကို စစ်ကောင်စီဖမ်း

ဓနုတပ်ဖွဲ့နှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ ရွာငံဒေသခံ ၄ ဦးကို စစ်ကောင်စီဖမ်း

သျှမ်းပြည်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ် ဒေသခံ အမျိုးသား (၄) ဦးကို ဓနုပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (DPLA) နှင့် ပတ်သက်သည်ဟု ဆိုကာစစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားသည်။

ဇူလိုင်လ ၃၁ ရက်နေ့၊ ညပိုင်းအချိန်တွင် ရွာငံမြို့နယ်မှ လွှစင်ကျေးရွာ နှင့် ပဲရင်းတောင်ကျေးရွာမှ အမျိုးသား ၄ ဦးကို DPLA နှင့် ပတ်သက်သည် ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အသီးသီးမှ လာ ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်သားတွေက ကားတစ်စီး နဲ့ ဆိုင်ကယ် ၅/၆ စီးနဲ့ လာကြတယ်၊ ပျူစောထီးတွေလည်း ပါလာတယ်၊ အားလုံး က သေနတ်ကိုယ်စီ နဲ့ လာကြတာ၊ လွှစင်ရွာက ၂ ဦး ဖမ်းသွားတယ်၊ တစ်ဦးက သူ့အဖေကို မတွေ့လို့ သားဖြစ်သူ ကို ဖမ်းသွားတာ၊ သူတို့အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွှစင်ကျေးရွာမှ ဖမ်းဆီးခံရသူများသည် အသက် (၃၀) ဝန်းကျင် ကိုမြင့်ဦး နှင့် ကိုဝင်းသိန်း တို့ဖြစ်ကြပြီး ကိုဝင်းသိန်းသည် ဖခင်ဖြစ်သူ ဦးဘဝေ အစား ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထို့အပြင် ဦးဘဝေ၏ အိမ်တွင်း ပစ္စည်းများကိုလည်း ရိုက်ချိုး ဖျက်ဆီးခဲ့သည့်အပြင် အိမ်ကိုပါ မီးရှို့ဖျက်ဆီးသွား ခဲ့သည်။

အလားတူ လွှစင်ကျေးရွာတွင်း စစ်ကြောင်း ဝင်ရောက်ဖမ်းဆီးပြီးသည့် နောက်တွင် ပဲရင်းတောင်ကျေးရွာမှ ဒေသခံများကိုလည်း ဝင်ရောက်ဖမ်းဆီး၊ နေအိမ်ကို မီးရှို့မှု ရှိခဲ့ကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“ပဲရင်းတောင်က ဖမ်းဆီးခံရတာ ၂ ဦးလို့ပဲ သိရပေမဲ့ အဲ့ထက်ပိုနိုင်တယ်။ သူတို့ကို DPLA နဲ့ ပတ်သက်တယ် ဆို ပြီးတော့ လာဖမ်းကြတာ။ အိမ်မှာလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်သွားသေးတယ်။ ဒါပေမဲ့ သူတို့က ရပ်ရွာ ထဲမှာ အေးအေးဆေးဆေး နေကြသူတွေပါ၊ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ပါဘူး” ဟု အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပဲရင်းတောင်မှ ဖျက်ဆီးရသည့် နေအိမ်သည် ဦးတင်ဦး ဆိုသူ၏ နေအိမ်ဖြစ်ပြီး ၎င်းကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင်များကို အိမ်ပြင် ထွက်ခိုင်းကာ အိမ်ကို မီးရှို့သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။



ထိုကဲ့သို့ ဒေသခံများကို ဖမ်းဆီးပြီး နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်းသည် ပြီးခဲ့သည့် ဇူလိုင်လ (၂၉) ရက်နေ့တွင် ဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်သည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA) နှင့် ပတ်သက်သောကြောင့် ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောဆိုနေကြသည်။

ပဲရင်းတောင်ကျေးရွာသည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရပြီး ဒေသခံရွာသား ၉ ဦးကို လည်း စစ်ကောင်စီမှ PDF ဟု စွပ်စွဲကာ အစုအပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် ကျေးရွာလည်း ဖြစ်သည်။

October 30, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို...
October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...
October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...
October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...