စစ်ကောင်စီက ပစ္စည်းသွားပို့ခိုင်းလိုက်တဲ့ မံစီ ဒေသခံ ၃ ဦး တစ်လကျော်ကြာထိပျောက်ဆုံးနေ

စစ်ကောင်စီက ပစ္စည်းသွားပို့ခိုင်းလိုက်တဲ့ မံစီ ဒေသခံ ၃ ဦး တစ်လကျော်ကြာထိပျောက်ဆုံးနေ
ပျောက်ဆုံးနေတဲ့ မူဆင့်ဒေသခံ ၃ ယောက်အနက် ၂ ယောက်
ပျောက်ဆုံးနေတဲ့ မူဆင့်ဒေသခံ ၃ ယောက်အနက် ၂ ယောက်

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မူဆင့်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ္စည်းသွားပို့ခိုင်းတဲ့ ဒေသခံ အမျိုးသား ၃ ဦး တစ်လကျော်ကြာလာတဲ့အထိ ပြန်မလာပဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က မူဆင့်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဒုတပ်ရင်းမှူး ဟိန်းထက်ရှိန်းကနေပြီး ဒေသခံအမျိုးသား ၃ ဦးကို မံစီမြို့နယ် မူဆင့်ရွာကနေ ရှမ်းပြည်နယ် မိုးမိတ်မြို့ ၃၈၄ တပ်ထဲ ဆိုင်ကယ်တစ်စီး အပါအဝင် ပစ္စည်းတချို့ကို ပို့ခိုင်းလိုက်တဲ့နောက် လက်ရှိချိန်ထိ အဆက်သွယ်ပြတ်တောက်သွားတာလို့ မိသားစု ဝင်နဲ့ နီးစပ်သူက KNG ကိုပြောပါတယ်။

“သူတို့က ၆ လပိုင်း ၈ ရက်နေ့က ထွက်တာ ၁၁ နေ့ထိ ဖုန်းပြောသေးတယ်။ သူတို့ကို အဲ့နောက်ပိုင်းက သူတို့ရဲ့ ဖုန်းတွေ ဆက်သွယ်မှု ခဏရပ်ဆိုင်းထားတယ်ပဲ ပြောလာခဲ့တော့တယ်။ အဲ့ ၁၁ ရက်နေ့က ဖုန်းပြောတော့ သူတို့ ဆိုင်ကယ်ပျက်နေတယ်တဲ့။ သုံးစီးနဲ့သွားတာ ၂စီးက ပျက်နေတယ်တဲ့ပြောခဲ့တာ” လို့ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ အမျိုးသားသုံးဦးနဲ့ နောက် ဆုံးဆက်သွယ်ခဲ့တဲ့နေရာဟာ မူဆင့်နဲ့ မိုးမိတ်ကြားမှာဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့ နောက်ဆုံး ဖုန်းဆက်သွယ်ရလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ အမျိုးသားသုံးဦးဟာ ကိုမင်းသိန်းဌေး (ခ) ကုလားလေး အသက် ၃၆ နှစ်၊ ကိုသက်ထွန်းအောင် အသက် ၂၀ ကျော်နဲ့ ကိုအောင်ပိုင်စိုး အသက် ၂၀ ကျော်တို့ဖြစ်ပြီး စစ်တပ်က ရွာသားတွေကိုအလှည့်ကျ ပစ္စည်း ပို့ခိုင်းရာမှ အခုပျောက်ဆုံးနေတဲ့ ဒေသခံ ၃ ယောက်မှာ ဒုတိယအသုတ်ဖြစ်တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေသူတွေနဲ့ ရင်းနှီးသူ ဒေသခံအမျိုးသမီးတစ်ဦးက “125 တစ်စီး၊ iphone တစ်လုံး၊ ကျွန်းနဲ့ထုထားတဲ့ ဘုရားရယ်၊ ၅၆ မီးစက်တစ်လုံးရယ်ကိုသူတို့ကိုပို့ခိုင်းတာ။ ပို့ခိုင်းတာက ၈ ရက် ၆ လပိုင်းက။ အဲ့ဒါ အခုထိ ပြန်မ ပေါ်လာသေးဘူး။ အဆက်အသွယ်လည်းမရဘူး။ သူတို့က အလှည့်ကျပို့ခိုင်းတာ အရင်ပထမအသုတ်က ဘာမှ မဖြစ်ကြဘူး။ ဒီ ၃ ယောက်က ဘယ်လို ဖြစ်သွားလို့မသိဘူး” လို့ ပြောတယ်။

အဲ့ဒီ အမျိုးသားသုံးယောက်ကို ရပ်ကွက်လူကြီးတွေကလာခေါ်ပြီး ပစ္စည်းပို့ခိုင်းလိုက်တာ ဖြစ်ပေမယ့် ပျောက် ဆုံးသွားချိန်မှာတော့ တာဝန်ယူတာဝန်ခံမှုမရှိသလို စစ်တပ်ကလည်း အကြောင်းပြန်ပေးတာမျိုး မရှိဘူးလို့ဆို ပါတယ်။

“သူတို့ကို လာခေါ်တာ တောရပ်ကွက်က လူကြီးတွေ လာခေါ်တာ။ အခုပျောက်နေတော့ သူတို့ စုံစမ်းမပေးဘူး။ စစ်တပ်ကိုပဲ ဆက်သွယ်လိုက်တဲ့ ကျနော်တို့ စစ်တပ်ကိုမေးလို့ရတယ်။ ဖုန်းနဲ့ ဘယ်လို တာဝန်ယူမလဲ ဘယ်လို ဖြေရှင်းပေးမလဲ ပြောတော့ ဖုန်းကို ကိုင်ကို မကိုင်ပေးတော့ဘူး။ အခုအခြေအနေနဲ့ စစ်တပ်ထဲ အဝင်အထွက် လည်း မလုပ်ရဲဘူးလေ” လို့ ကိုမင်းသိန်းဌေး မိသားစုနဲ့ ရင်းနှီးသူက ပြောပါတယ်။

မူဆင့်မှာရှိတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို အခုလိုမျိုး ပစ္စည်းပို့ဆောင်ခိုင်းတာ အလှည့်ကျ စနစ်နဲ့ အသုံး ချနေတာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းလောက် ကတည်းကဖြစ်ပြီး အခုလို ပစ္စည်းပို့ရင် ပျောက်ဆုံးသွားတာ ဒီတကြိမ် က ပထမဆုံးလို့ ဆိုပါတယ်။

မူဆင့်ကျေးရွာဟာ မံစီမြို့နယ်၊ စီးခမ်းကြီးကျေးရွာ အုပ်စုထဲက ဖြစ်ပြီး ရှမ်းပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေ တဲ့ ကျေးရွာ ဖြစ်ပါတယ်။

ဓါတ်ပုံ - ပျောက်ဆုံးနေတဲ့ မူဆင့်ဒေသခံ ၃ ယောက်အနက် ၂ ယောက်

October 30, 2024
ကချင်အထူးဒေသ (၁) ဖီမော်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့...
October 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်  KBC ဘုရားကျောင်းကို...
October 24, 2024
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့ကို တရုတ်အစိုးရက...
October 24, 2024
ဗန်းမော်မြို့ နယ် နဲ့ မိုးမောက်မြို့နယ်ကြား အောင်မြေကျေးရွာအနီး စစ်ကောင်စီတပ်တပ်နဲ့...