ပဲခူးတိုင်းအနောက်ခြမ်းတွင် စစ်ကောင်စီကိုဆန္ဒပြသူများ၊ တော်လှန်ရေးကို အားပေးထောက်ခံသူများနှင့် ပန်း သပိတ်တွင် ပါဝင်ကြသူများ၏ လူမှုကွန်ရက်အကောင့်များနှင့် ဓာတ်ပုံများအား မျှဝေကာ ဖမ်းဆီးစေရန် လှုံ့ဆော် ပေးနေသည့် “အံ့ဘုန်းသွင်” တယ်လီဂရမ်ချန်နယ် ပိုင်ရှင်ကို စစ်တပ်က ဖမ်းဆီးထားသည်ဟု နီးစပ်သူများက ပြောသည်။
၎င်းကို ၆၆-ဃ၊ သာသနာညိုးနွမ်းမှုအပြင် အခြားသော ပုဒ်မများစွာဖြင့် ပြည်အကျဉ်းထောင်တွင် ဖမ်းဆီးထား သည်ဟု ပြည်မြို့ ဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါ “အံ့ဘုန်းသွင်” တယ်လီဂရမ်ချန်နယ် ပိုင်ရှင်သည် ပြည်မြို့၊ ရွာဘဲနယ်မြေ၊ ရွှေဟင်္သာအရှေ့ပေါက်ရှိ ရွှေ မောင်းတုန်း ကျောင်းတိုက်မှ ဆရာတော်အရှင်သူရဓဇ ဆိုသူဖြစ်ပြီး ၎င်းကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်အကျဉ်းထောင်အတွင်း ဖမ်းဆီးထားပြီး အမှုအား လိုက်ပါပေးနေသူ ရှေ့နေ ခြောက်ဦးရှိနေ သည်။
“သူအဖမ်းခံရတဲ့ညကတည်းက ကျွန်တော်တို့သိတယ်။ ကျွန်တော်တို့မှာလည်း သူတို့မထင်မှတ်ထားတဲ့ မျက်လုံး တွေ နားတွေရှိနေပါတယ်။ အချိန်ကောင်း မရောက်သေးလို့ စောင့်နေတဲ့သဘောပါ။ ဖမ်းရတဲ့အကြောင်းက ရှင်း ပါတယ်။ စစ်ကောင်စီက ကိုးကွယ်နေတဲ့ မင်းကျောင်းဆရာတော်ကို အပုပ်ချလို့ပါ။ နောက်ပြီးသူက Non-CDM တွေနဲ့လည်းမတည့်ဘူး။ အကုန်လုံးကိုပတ်ပြီး ဒုက္ခပေးထားတာ” ဟု Pyay Underground News-PUGN မှ တာ ဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ဖမ်းဆီးခံရသည့် ညကပင် Pyay Underground News-PUGN မှ သတင်းရရှိခဲ့ပြီး နောက်တစ်နေ့နံနက်မှစတင်ကာ အဆိုပါ တယ်လီဂရမ်ချန်နယ်တွင် မည်သည့် သတင်းအချက်အလက်မှ မျှဝေထားသည်ကို မတွေ့ရတော့ကြောင်း ဆိုသည်။
အဆိုပါ တယ်လီဂရမ်ချန်နယ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့က နောက်ဆုံးသတင်းတင်ခဲ့ခြင်း ဖြစ်ပြီး ထို့နောက်ပိုင်းမှ စတင်ကာ မည်သည့်အကြောင်းအရာမှ မျှဝေခြင်းမပြုတော့သည်ကို တွေ့ရသည်။
ဖမ်းဆီးခံရသူ ဆရာတော်အရှင်သူရဓဇသည် ၎င်း၏ဆရာဖြစ်သူ ရွှေမောင်းတုန်းကျောင်းထိုင် ဆရာတော်ကို မြေကိစ္စဖြင့် တရားစွဲဆိုထားခြင်းအား မကျေနပ်သည့်အတွက် စစ်ကောင်စီ၏ ရာထူးအကြီးပိုင်းများ ကိုးကွယ် ကြသော မင်းကျောင်းဆရာတော်အား ၎င်း၏တယ်လီဂရမ်ချန်တယ်တွင် အကြည်ညိုပျက်စေရန် စာများ ရေးတင်ခဲ့သည်။
ထို့နောက် မင်းကျောင်းဆရာတော်မှ မကျေနပ်သည့်အတွက် စစ်ကောင်စီရာထူးအကြီးပိုင်းများကို တိုင်သော ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု Pyay Underground News-PUGN မှ တာဝန်ရှိသူက ဆိုသည်။
“သူ့ကြောင့်အဖမ်းခံရတာ ပဲခူးတိုင်းအနောက်ခြမ်းမှာ နည်းတာမှမဟုတ်တာ သူ့ချန်နယ်မှာတင်ပြီးမကြာဘူး မိနစ် ပိုင်း နာရီပိုင်းအတွင်း သက်ဆိုင်ရာမြို့နယ်က စစ်ကောင်စီတပ်တွေ ရဲတွေကလိုက်ဖမ်းတော့တာပဲ။ ဒါပေမယ့် သူပျောက်သွားတာကြာပြီ ကျွန်တော်သတိထားမိတယ်။ ပထမ စိတ်ထင်သေးတာလားပေါ့။ ခုမှ အဖမ်းခံရတယ် ကြားတာ” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ပြည်မြို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ မှလည်း “အံ့ဘုန်းသွင်” ချန်နယ်သည် ၎င်းတို့အနေဖြင့် နေ့စဉ်မပြတ် စောင့် ကြည့်ရသည့် ချန်နယ်ဖြစ်ပြီး ၎င်း၏သတင်းပေးမှုများကြောင့် ဖမ်းဆီးခံရသူများစွာရှိကာ ဒေါ်အောင်ဆန်းစု ကြည် မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်ဆင်နွှဲသည့်နေ့တွင် အဆိုပါ ချန်နယ်၏ သတင်းပေးမှုကြောင့် ဖမ်းဆီးခံ ရသူ များစွာရှိခဲ့သည်ဟု ဆိုသည်။
“တစ်နေ့ သုံးကြိမ်ကတော့ အနည်းဆုံးကြည့်နေရတယ်။ တခြားကြောင့်တော့ မဟုတ်ဘူး။ ပြည်ခရိုင်က ဘယ်သူ တွေကို ဖမ်းခိုင်းပြန်ပြီလဲဆိုတာ သိချင်တာကြောင့်ပဲ။ သူတင်ပြီးရင် မိနစ်ပိုင်းအတွင်း စစ်တပ်က တန်းဖမ်းတာ ဆိုတော့ သူတင်တဲ့သူတွေကို ကျွန်တော်တို့က အမြန်ရှောင်ခိုင်းရတာပဲ။ တချို့ကတော့လွတ်တယ်၊ တချို့တော့ မမှီဘူးပေါ့ဗျာ” ဟု Pyay Underground News-PUGN မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
အဆိုပါ “အံ့ဘုန်းသွင်” တယ်လီဂရမ်ချန်နယ်သည် ပဲခူးတိုင်းနှင့်ပတ်သက်သည့် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်း များကို ဖြန့်ဝေလေ့ရှိသည့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်ပြီး အဆိုပါ ချန်နယ်အား စောင့်ကြည့်ရန် ချိတ်ဆက် ထားသူ ပရိတ်သတ် ၂၇,၀၀၀ ကျော်ရှိသည်။
ထိုတယ်လီဂရမ်ချန်နယ်၏ သတင်းပေးမှုကြောင့် ပဲခူးတိုင်းအနောက်ခြမ်းတွင် ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်း အချက်အလက်များကိုလည်း ထောက်လှမ်းကာ သတင်းဖြန့်ဝေ ပေးနေသည့် ချန်နယ် ဖြစ်သည်။