စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့အထဲ နိုင်ကျဉ်းပါဝင်မှုနည်းပါးနေလို့ AAPP ဝေဖန်ပြစ်တင်

စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့အထဲ နိုင်ကျဉ်းပါဝင်မှုနည်းပါးနေလို့ AAPP ဝေဖန်ပြစ်တင်

နိုင်ငံတဝန်းရှိ အကျဉ်းထောင် အသီးသီးကနေ စစ်ကောင်စီ ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၈၀၀၀ နီးပါးမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှု မရှိသလောက် နည်းပါးနေတဲ့အတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်မှု အသင်း AAPP က ဝေဖန်လိုက်ပါတယ်။

စစ်ကောင်စီဟာ သြဂုတ် ၁ ရက်နေ့မှာ ကျရောက်တဲ့ ဒုတိယဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့ အထိမ်းအ မှတ်အဖြစ် နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အလုပ်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၇၇၄၉ ဦးကို ခံဝန်ထိုးပြီး လွတ်ငြိမ်းချမ်းသာ ခွင့်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်သာ ပါဝင် တယ်လို့ AAPP က သြဂုတ် ၂ ရက်နေ့ ညပိုင်းအထိ ရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကလည်း လွက်ရက်ပြည့်ကာနီး နိုင်ငံရေးအ ကျဉ်းသူ၊ အကျဉ်းသားတွေသာဖြစ်ပြီး အများစုဟာလွတ်ရက်စေ့ဖို ၂ လ၊ ၃ လလောက်သာ ကျန်ရှိတော့တဲ့သူတွေ ဖြစ်နေ တာပါ။

စစ်ကောင်စီရဲ့ အကျဉ်း သူ၊ အကျဉ်းသား လွှတ်ပေးမှုဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အမြင်ကို လှည့်ဖျားဖို့ လုပ်ဆောင်တာလို့ AAPP က ဝေဖန်ပါတယ်။

AAPP တာဝန်ရှိသူ တစ်ဦးက “လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်/ကျဉ်းတွေကို လွှတ်ပေးတာက အစကတည်းက မဖမ်း သင့်တဲ့သူတွေကို ဖမ်းထားပြီးမှ လွှတ်ပေးတာပါ။ နောက်တစ်ချက်က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး တယ်ဆိုတာက နိုင်ငံတကာနဲ့ ကစားတဲ့ ကစားပွဲတွေမှာ ကစားဖို့ ဓားစာခံအဖြစ် ဖမ်းဆီးထားတာ ဖြစ်တယ်။ စစ် အုပ်စုက ပြန်ပေးသမားတွေ လိုမျိုးပဲ နိုင်ငံရေး အကျဉ်းသားတွေကို အမြဲဖမ်းထားတာဖြစ်တယ်။ နိုင်ငံတကာ မျက်နှာစာမှာ တစ်ခုခုကစားဖို့ လိုအပ်လာရင် နိုင်ငံရေးအကျဉ်းသားထဲက တချို့ကိုလွှတ်ပေးတာတွေ၊ ပြစ်ဒဏ် လျှော့ပေးတာတွေက စစ်အာ ဏာရှင်တွေ လုပ်နေကြဖြစ်တယ်။ အခုလည်းဒီလိုပါပဲ နိုင်ငံတကစားကွက်တွေမှာ ကစားနိုင်ဖို့အတွက် နိုင်/ကျဉ်း တွေကို လွှတ်ပေးလိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။

အကျဉ်းသား ၈၀၀၀ နီးပါး ပြန်လွှတ်ပေးခဲ့တဲ့ စစ်ကောင်စီဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပေါ် ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၂ မှုအတွက် ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ပါတယ်။

ဒ့ါအပြင် ထောင်ကျခံနေရတဲ့ နိုင်ငံခြားသား ၁၂၅ ဦးကိုလည်း လွတ်ငြိမ်းခွင့်ပေးအပ်ခဲ့သလို သေဒဏ်ချမှတ် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ပြောင်းလဲသတ် မှတ်ပေးခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့ စစ်ကောင်စီဟာ နေ့စဉ်နဲ့အမျှ သူတို့ဆန့်ကျင်ဝေဖန်တာ၊ အမျိုး သား ညီညွတ်ရေးအစိုးရ NUG၊ CRHP အပါအဝင် PDF ထောက်ခံတွေသူကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီး ထောင်ချနေတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ နိုင်ငံတဝန်းမှာ ဆက်လက် ထိန်း သိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ နီးပါး ရှိတယ်လို့ ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

October 31, 2024
ပွင့်လင်းရာသီရောက်လာပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ...
October 30, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ...
October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...
October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...