ရှမ်းမြောက် မူဆယ်နဲ့ ကွတ်ခိုင်ကြား တီးမား(Dima) ကျေးရွာက ကချင်လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ် ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ထားခဲ့ပေမယ့် ပြန်လည်တွေ့ရှိခဲ့ပြီလို့ တီးမားဒေသခံတွေက ပြောပါတယ်။
တီးမား (Dima) ကျေးရွာ KBC ကချင်အသင်းတော်တွင်း တက်ကြွပါဝင်လှုပ်ရှားနေတဲ့ အဲ့ဒီလူငယ် ၂ ဦးကို စစ်တပ် ဇူလိုင်လ ၂၅ ရက်နေ့ မတရားဖမ်းဆီးသွားပြီး နောက်တစ်ပတ်အကြာ ဇူလိုင် ၃၁ ရက်နေ့မှာ သတ်ဖြတ်ကာ မီးရှို့ အလောင်းဖျောက်ခဲ့တာ ဖြစ်တယ်လို့ တီးမားဒေသခံတစ်ဦးက ပြောပါတယ်။
တီးမား(Dima) ကျေးရွာဒေသခံတစ်ဦး က “သူတို့မီးရှုံ့လိုက်တဲ့ ပြာပဲယူလာနိုင်ခဲ့တယ်။ သူတို့ ၂ ယောက်ကို ဖမ်း သွားတဲ့နေ့က ၁ ယောက်ကိုတော့ TNLA ရဲ့ ဝတ်စုံဆင်ထားပေးတယ်။ တစ်ယောက်ကိုတော့ ပြည်သူ့စစ် အင်္ကျီီ ဝတ်ထား ပေးတယ်။ ဒီလိုလုပ်ပြီး သူတို့ TNLA တပ်သားကို ပစ်သတ်နိုင်တယ်ဆိုပြီး ဓာတ်ပုံရိုက်ယူပုံရတယ်။ သူတို့ရဲ့ အခြေအနေက အဲ့ညနေက ဖမ်းသွားပြီး နောက်နေ့ညနေပိုင်းလောက် သတ်ဖြတ်လိုက်ပုံရတယ်” လို့ ကချင်သတင်းဌာန KNG ကို ပြောပါတယ်။
လူငယ် ၂ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က မူဆယ်မြို့နဲ့ နမ့်ဖတ်ကာကြား နမ့်အွမ်၊ တီးမား စတဲ့ကျေးရွာတွေ မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား စစ်ရေးတင်းမာ နေ ချိန် အသင်းတော်၏ လိုအပ်ချက်အရ ကားနဲ့ကွတ်ခိုင်ဘက်မှာ ပစ္စည်းသွားယူခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီနောက် အသင်းတော်က ပစ္စည်းတွေသယ်ယူပြီး တီးမားရွာဘက်ကို ပြန်လာချိန် နမ့်အွမ်နဲ့ တီးမားရွာကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နမ့်အွန်ဘက်ကို ပြန်ခေါက်သွားပါတယ်။
ညနေပိုင်း တိုက်ပွဲ ခေတ္တငြိမ်ချိန် ရွာသို့ ပြန်လာရာ၊ နမ့်အွမ်အထက် ယူကလစ်တောဆိုတဲ့ နေရာနားအရောက် စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။
ဇူလိုင် ၂၅ ရက်နေ့က အိမ်အပြန် လမ်းထက်ဝက်မှာ ဖမ်းဆီးခံလိုက်ရပြီး အဆက်အသွယ် ပြတ်တောက်နေတဲ့ လူငယ် ၂ ဦးကို ရွာသားတွေနဲ့ မိသားစုဝင်တွေက သက်ဆိုင်ရာ စစ်တပ်စခန်းတွေမှာ ဆက်တိုက်စုံစမ်း ရှာဖွေခဲ့ကြ ပါတယ်။
“ကျနော်တို့တွေ လိုက် လိုက် စုံစမ်းတော့ သူတို့က လုံး၀ကို အလောင်းဖျောက်တဲ့သဘောနဲ့ မီးရှို့ပစ်လိုက်တယ်။ သူတို့လုသွားပြီး TNLA ဝတ်စုံဝတ်ပေးထားတဲ့ တအာင်းရွာသားရဲ့ အလောင်းကိုတော့ ဒီပုံစံတိုင်းပဲကွတ်တိ မြေ မြုပ်ထားတယ်။ သူ့ကိုတော့ မီးမရှို့ဘူး။ ရွာသားတွေပြန်တွေ့ပြီး တူးယူ ပြန်လည်ဝိုင်းသဂြိုလ်ခဲ့ကြတယ်။ လူငယ် ၂ ဦးကိုတော့ မီးရှို့ပြီး အရိုးစပဲ မြေမြုပ်ထားပေးတယ်” လို့ တီးမား ဒေသခံက ဆက်ပြောပါတယ်။
ဇူလိုင် ၂၅ ရက်နေ့က တိုက်ပွဲတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးအပြင် လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နမ့် အွမ်၊ ဆိုင်းခေါင်ရွာက တအာင်းရွာသား ဦးအိုက်လောဆိုသူလည်း ထိမှန်ပြီး နေရာမှာတင် အသက် သေဆုံးခဲ့ရ ပါတယ်။
အဲ့ဒီအလောင်းကိုလည်း စစ်တပ်က လုယူသွားပြီး TNLA ဝတ်စုံဝတ်ပေးကာ ဓာတ်ပုံများရိုက်ယူထားတဲ့ ပုံတချို့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ ကချင်လူငယ် ၂ ဦးကိုတော့ ရွာသားတွေ ဆက်တိုက် စုံစမ်းရှာဖွေတာ ကြောင့် မီးရှို့အလောက်ဖျောက်လိုက်တဲ့ သဘောဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
တီးမားဒေသခံတစ်ဦးက “စစ်တပ်ရဲ့ အခြေအနေက အဲ့နေ့က လေယာဉ်နဲ့တောင် လာပစ်ကူတာ တစ်ယောက်မှ မပစ်သတ်နိုင်ရင် သူတို့ပြစ်ဒဏ်ပြန်ခံရမယ်ဆိုတဲ့ သတင်းကြားတယ်။ ဒါကြောင့် သူတို့ အခုလို ရွာသားတွေကို ပစ်သတ်ပြီး တအာင်း TNLA တပ်သားဝတ်စုံဆင်ပေးပြီး မှတ်တမ်းရိုက်ယူတယ်လို့ သိရတယ်။ အဲ့မှာ ကချင် လူငယ် ၂ ယောက်ရဲ့ အလောင်းဖြစ်ကြောင်း သက်သေတွေ့ရှိတာက ၂ ယောက်ထဲက တစ်ယောက်က ကွတ်ခိုင် ဓမ္မကျမ်းစာကျောင်း စိုက်ပျိုးရေးကောလိပ်မှ ကျောင်းဆင်းဖြစ်တယ်။ သူ့ကျောင်းက အင်္ကျီပါတွေ့တယ် တစ် ယောက်က ဖိနပ်တွေ့တယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ မတရားဖမ်းဆီး သတ်ဖြတ်ခံလိုက်ရတဲ့ ကချင်လူငယ် ၂ ဦးမှာ မောင်ဂင်ရောတူးဂျာ အသက် (၂၅) နှစ် နဲ့ မောင်ရှန်ထင်းဘရန်အောင် အသက် (၂၇) နှစ်တို့ ဖြစ်ပြီး ကျန်ရှိတဲ့ ရုပ်အလောင်းကိုတော့ ဩဂုတ်လ ၃ ရက်နေ့ မြေမြှုပ်သဂြိုလ်မှာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့သတ်ဖြတ်ခံလိုက်ရတဲ့ လူငယ် ၂ ဦးဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကင်းရှင်းသလို ကျေးရွာနဲ့ အသင်း တော်မှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ လူငယ်တွေ ဖြစ်ပါတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကလည်း နမ့်ဖတ်ကာတပ်က ဖမ်းသွားတဲ့ ကွတ်ခိုင်မြို့က ကားသမား ဦးဇော်အောင် ဆိုသူလည်း ၃ လခန့်ကြာလာပြီဖြစ်ပေမဲ့ မိသားစုဝင်နဲ့ ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ညမှာလည်း စစ်တပ် ခလရ ၁၂၃ ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကွတ် ခိုင်မြို့နယ် ပန်ကိုင်ရွာက အသက် ၆၀ နှစ်အရွယ် တအာင်းအမျိုးသမီး ၁ ဦး အသက်သေဆုံးပြီး သမီးနဲ့ မြေးဖြစ် သူ သားအမိ ၂ ဦးကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။